လွိုင်ကော်အကျဉ်းထောင်မှ ပုဒ်မ ၅၀၅ ဖြင့် အကျဉ်းကျခံနေရသူ (၁၀၄) ဦး လွတ်မြောက်လာ

By MPM 4 မေ, 2023 👁

ကဆုန်လပြည့်နေ့အထိမ်းအမှတ် အနေနဲ့ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား (၂၁၅၃) ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး လွိုင်ကော်အကျဉ်းထောင်မှာတော့ ပုဒ်မ ၅၀၅ နဲ့ အကျဉ်းကျသူ (၁၀၄) ဦးကို မေလ၃ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

“အခုကထောင်ရှေ့မှာ မနက် ၁၁ နာရီလောက် စလွှတ်ပေးတယ်။ မိန်းကလေး ၃ ယောက်အရင် စလွှတ်ပေးတယ်။ ပြီးတော့ အမျိူးသားတွေ တစ်သုတ်ပြီးတစ်သုတ်လွတ်ပေးတယ်။ လာစောင့်တဲ့ အကျဉ်းသား မိသားစုဝင်တွေလည်း အများကြီးပဲ” လို့ မျက်မြင်သက်သေ လွိုင်ကော်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီလွှတ်မြောက်လာသူ ၁၀၄ ဦးထဲမှာ ၂၀၂၁ ခုနှစ် မေလက လူငယ်စွမ်းရည်မြှင့်သင်တန်းတက်ရောက်ပြီး ပြန်လာချိန် စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချတာခံရတဲ့ လူငယ် ၇၄ ယောက်ထဲကလည်း ပါဝင်တယ်လို့ ဖမ်းဆီးခံရတဲ့ ၇၄ ယောက်နဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပေမယ့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးဝက်ဆိုဒ်ကနေ ဒီကနေ့ မေလ ၃ ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ သူ (၂၁၅၃) ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) မှာ လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားမပါဝင်တဲ့ အကျဉ်းသား ၁၁ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတချို့အပါအဝင် အကျဉ်းသား ၁၃ ဦးကို လွှတ်ပေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာတော့ ကရင်နီပြည်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်မြောက်လာတဲ့ အကျဉ်းသား ၁၂၈ ဦး ရှိပြီဖြစ်ပါတယ်။

နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံရသူ ၂၇၉ ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်အရ သိရပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။