လေးမျက်နှာမြို့နယ်က နယ်မြေရဲစခန်းတစ်ခုကို AA နှင့် ပူးပေါင်းတပ်များသိမ်းပိုက်

By MPM 17 ဇွန်, 2025 👁

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာ နယ်မြေရဲစခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ် – မုံရွာ လမ်းမရှိ သဲနုကုန်းရွာတွင် အခြေစိုက်ထားသည့် အဆိုပါနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များက ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

လေးမျက်နှာမြို့နယ်မှ ဒေသခံတစ်ဦးက “အခုသိမ်းခံလိုက်ရတဲ့စခန်းက နယ်မြေရဲစခန်းပါ။ အရင်က အင်အားသိပ်မရှိပေမယ့် အခုစစ်သားတွေနဲ့ ပူးပေါင်းထားတာ။ လက်ရှိမှာလည်း သဲနုကုန်း၊ ချင်းကုန်းအနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်။ စစ်ကောင်စီဘက်က Y-12 တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်” ဟု ပြောသည်။

သဲနုကုန်းရဲစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိတွင် ရေဖြူကျေးရွာ၌ တပ်စွဲထားပြီး ထိုနေရာမှ ကျားကိုက်နှင့် သဲနုကုန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်နေကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ကျားတိုက်၊ သဲနုကုန်း၊ စောပြာနှင့် ရေဖြူစသည့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

လက်ရှိ ပုသိမ် – မုံရွာ လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေတာကြောင့် လုံခြုံမည့်နေရာများသို့ တိမ်းရှောင်ရန် အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောကြသည်။

ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းတွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် အဓိက ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

“အမြောက်တပ်က တိုက်ပွဲပြင်းထန်နေဆဲပဲ။ ဒီနေ့မနက်ပိုင်းအထိ ပစ်ခတ်မှုတွေရှိကြတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူနဲ့ ရေနံသာဂိတ်ဘက်က ပစ်ကူပေးတိုက်ခိုက်နေတာရှိတယ်။ ထိုးစစ်ကတော့ အတွင်းပိုင်းအထိရောက်သွားပြီလို့ ပြောလို့ရတယ်” ဟု မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောသည်။

AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် အမှတ် (၃၄၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးမှုရှိနေပြီး လက်နက်များနှင့်အတူ ဖမ်းဆီးရမိသူများလည်းရှိကြောင်း အဆိုပါ သတင်းရင်းမြစ်ထံမှ သိရသည်။

အမှတ် (၃၄၄) တပ်ရင်း စတင်တိုက်ခိုက်ခံရချိန်မှစ၍ စခန်းအတွင်းမှ လက်နက်ခဲယမ်းအများအပြားကို ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းသို့ ရွှေ့ပြောင်းကာ ကျုံပျော်နှင့် ရေကြည်မြို့တွင် ခံစစ်ပြင်ထားကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။