တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး အသတ်ခံရပြီးနောက် ဒီနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံ အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၆ နာရီလောက်မှာ လောင်းလုံးမြို့ ဃ ရပ်ကွက်နေ စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် ဦးအောင်ဆန်းဦးကို အမည်မသိ သေနတ်သမားတွေက နေအိမ်မှာ လာရောက်ပစ်သတ်သွားတာပါ။
ဦးအောင်ဆန်းဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဒီနေ့ မနက် ၉ နာရီလောက်မှာ လောင်းလုံးမြို့ပေါ်က (ဂ) နဲ့ (ဃ) ရပ်ကွက်တို့ကို ဝင်မွှေပြီး ဒေသခံ အမျိုးသမီး ၄ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။
စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့သူတွေမှာ မမိငြိမ်း၊ ဒေါ်အုန်းရွှေ၊ မသန်းသန်းထွေးနဲ့ဒေါ်သန်းအေးတို့ဖြစ်ပြီး သူတို့တွေဟာ သာမာန် အိမ်ရှင်မတွေသာဖြစ်ကာ မည်သည့် အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
ဖမ်းဆီးခံ ဒေသခံ အမျိုးသမီး ၄ ဦးကို လောင်းလံးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီနေ့ ညနေပိုင်းအထိ ပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။
လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်က လူငယ်လူရွယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေသခံပြည်သူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ပြည်သူအများစုကိုတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချထားပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။