မြန်မာအပေါ် ချမှတ်သည့် ICJ စီရင်ချက်ကို လေးစားကြောင်းနှင့် နေရပ်စွန့်ခွာသူများအား ဆက်လက်ကူညီရန် အသင့်ရှိကြောင်း စင်ကာပူ ထုတ်ပြန်

By MPM 26 နိုဝင်ဘာ, 2026 👁 78

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ခဲ့သော စီရင်ချက်ကို စင်ကာပူနိုင်ငံက လေးစားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားသည်။

နိုဝင်ဘာလ ၂၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နေရပ်စွန့်ခွာရသူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့ပေးရန် အသင့်ရှိနေကြောင်း သိရသည်။

အာဆီယံနှင့် အခြားနိုင်ငံတကာ မိတ်ဖက်များနှင့်အတူ စင်ကာပူနိုင်ငံသည် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) မှတဆင့် ကူညီပေးရန် အသင့်ရှိသည်ဟုဆိုသည်။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်းအရ ဂမ်ဘီယာက စွဲဆိုထားသည့် ယင်းအမှုတွင် ICJ က နိုဝင်ဘာလ ၁၉ ရက်နေ့၌ စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ ဥပဒေစိုးမိုးရေးနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့အပေါ် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်းနှင့် အဆိုပါ စီရင်ချက်၏ သက်ရောက်မှုများကို လေ့လာနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် ရိုဟင်ဂျာများ၊ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူများ (IDPs) ၏ အခက်အခဲများ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေများအပေါ် အလွန်စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် ကာလရှည်ကြာ တောင်းဆိုထားမှုကိုလည်း စင်ကာပူက ထပ်လောင်းပြောကြားခဲ့သည်။

မဇ္ဈိမ