တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် သြဂုတ် ၈ ရက်နေ့၌ ကျရောက်သည့် ၃၅ နှစ်ပြည့် ၈၈၈၈ အထိမ်းအမှတ် ဆန္ဒထုတ်ဖော်မှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း ထားဝယ် မြို့ပြပြောက် ကျားတပ်ဖွဲ့က ပြောသည်။
သြဂုတ် ၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က လောင်းလုံးမြို့ပေါ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံး အနီးရှိ ညောင်ပင်ကြီးလမ်းဆုံတွင် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ထားဝယ် ပကဖနဲ့ DDT တပ်ခွဲ (၃) ပူးပေါင်းတပ်ဖွဲ့က ထိုလမ်းမဆုံတွင် ရှစ်လေးလုံးစာရေးပြီး ကားတာယာအဟောင်းများကို မီးရှို့၍ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်အတွင်း လောင်းလုံးမြို့တွင် ကင်းလှည့်လာစစ်သော စစ်ကောင်စီတပ် ကား ၂ စီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်မိုင်းဆွဲခဲ့သည်ဟု ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယင်းသို့မိုင်းဆွဲပစ်ခတ်မှု့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က စစ်ကူထပ်မံ ရောက်ရှိလာပြီး လမ်းသွားလမ်းလာ ပြည်သူများကို ပိတ်ဆို့စစ်ဆေးခြင်းအပြင် သေနတ်နဲ့ရမ်းသမ်း ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်။
နှစ်ဖက်အကြား အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ထားဝယ် မြို့ပြပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။
အဆိုပါပစ်ခတ်မှု ဖြစ်စဉ်အား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး မိဘပြည်သူတွေ အပါအဝင် သပိတ်အဖွဲ့များနှင့် လုံးဝမသက်ဆိုင်ကြောင်း ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။