စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ရခိုင်ဒေသက စစ်ဘေးရှောင်အများအပြားမှာ လုံခြုံသည့် အမိုးအကာ အောက်သို့ မရောက်နိုင်သေး၍ ရှေ့ဆက်ဖြတ်သန်းရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပင်မှုများ ရှိနေကြသည်။
စစ်ဘေးရှောင်များမှာ ကားလမ်းမဘေး၊ လယ်ကွင်းပြင်နှင့် တောတောင်အနီးတို့တွင် ဖြစ်သလို ယာယီတဲဆောင်များ ဆောက်လုပ်နေထိုင်နေကြခြင်းဖြစ်ပြီး စားဝတ်နေရေးအပြင် သဘာဝဘေးဒဏ်များကိုရင်ဆိုင်နေကြရသည်။
လက်ရှိ စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန်အတွက်လည်း မသေချာသေးသလို မကြာမီမိုးတွင်းကာ ရောက်ရှိလာမည်ဖြစ်၍ အမိုးအကာလုံခြုံသည့် နေရာမရရှိပါက ဒုက္ခကြုံတွေ့ရမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေခြင်းဖြစ်သည်။
သံတွဲဒေသခံ အမျိုးသားတစ်ဦးက “လက်ရှိမှာတော့ လမ်းဘေးတွေ၊ လယ်ကွင်းတွေမှာ ယာယီ နေလို့ရတာပေါ့။ မိုးကျရင်တော့ လုံခြုံတဲ့နေရာတွေ လိုတော့မယ်။ ကျနော်တို့ သံတွဲဖက်မှာ ဆိုရင် အနည်းဆုံး အိမ်ထောင်စု ၃၀၀ နီးပါး ရှိတယ်။ လူဦးရေကတော့ ၈၀၀ နီးပါး ရှိတယ်။ ကျနော်တို့ သံတွဲဖက်တွေက အလှူငွေတွေလည်းနည်းတော့ သူ့ဟာနဲ့သူ အဆင်ပြေအောင်တော့ ဖြတ်သန်းကြရတာပေါ့” ဟု ပြောသည်။
ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် ၃,၀၀၀ ကျော်မှာလည်း လုံခြုံသည့် အမိုးအကာနှင့် နေရာထိုင်ခင်း မရှိသေးဘဲ ကိုယ်တိုင်လုပ်ဆောင်ရန်အတွက်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။
စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့ ရရှိမှုနည်းပါးသည့်အထဲ အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တို့ကြောင့် လုံခြုံစွာနေထိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရန်လည်း အဆင်မပြေဖြစ်နေကြသည်။
“အခက်အခဲကတော့ အများကြီးပါပဲ။ အခုနေတဲ့ နေရာမှာဆိုရင်လည်း အဆင်မပြေဘူး။ လုပ်စားကိုင်စားဖို့ နေရာ လည်း မရှိဘူး။ ဟင်းတွေ၊ ငါးတွေ ရှာဖွေ စားသောက်ဖို့ နေရာလည်း မရှိဘူး။ အိမ်ကိုလည်း ICRC ကနေ ဆောက်ပေးလာမလားဆိုပြီး ယာယီဖြစ်သလို ဆောက်ထားတယ်။ အခုဆိုရင် မိုးရာသီရောက်တော့မယ် အိမ်တွေက မလုံခြုံတော့ နေရတာတွေ အဆင်မပြေဘူး” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင် မနန္ဒာဝင်းက ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၁၀၀ ကျော်မှ ဒေသခံ ၃၀,၀၀၀ (သုံးသောင်း) ခန့်မှာ တိုက်ပွဲများကြောင့် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်အပြင် အခြားမြို့နယ်တို့တွင် ခိုလှုံနေကြပြီး အမိုးအကာရရှိရေး အရေးပေါ်ကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ဒေသတွင်း စစ်ဘေးရှောင်များနှင့်ပတ်သက်၍ လူမှုကူညီရေးအဖွဲ့များက ကူညီပေးနေကြသော်လည်း လိုအပ်ချက် များပြားလှသဖြင့် အမိုးအကာ၊ စားသောက်ရေးတို့တွင် လုံလောက်မှုဖြစ်ရေး ခက်ခဲနေကြောင်း ဆိုကြသည်။
“ကျနော်တို့မှာက အလှူငွေလောက်ငှတဲ့ အခြေအနေမှာ မရှိဘူး။ အခုက ဓနိဈေးတွေလည်းတက်တော့ ဝယ်ရမှာလည်း အခက်ခဲတွေရှိတယ်။ အဓိကတော့ အမိုးအကာနဲ့ပတ်သတ်ပြီး အလှူရှင်တွေလိုအပ်တယ်။ အလှူငွေတွေ တစ်ဦးချင်းဖြစ်ဖြစ်၊ တခြား NGO တို့ သက်ဆိုင်ရာ အဖွဲ့စည်းတွေက ဝင်ရောက်လှူဒါန်းရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ HDCO ဖက်ကလေ့ အတတ်နိုင်ဆုံး ကူညီပေးပါတယ်” ဟု ဇင်ချောင်းလူငယ် ပရဟိတအသင်း ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။
ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံ ၆ သိန်းနီးပါး နေရပ်စွန့်ခွာနေကြပြီး အကြောင်းအမျိုးမျိုးတို့ကြောင့် နေရပ်မပြန်နိုင်သေးကြပေ။
တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီ၏ ပိတ်ဆို့ဖြတ်တောက်မှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အကူအညီမရှိသည့်အပြင် ဒေသတွင်းလူမှုအဖွဲ့အစည်းများ၏ ကူညီမှုလည်း နည်းပါးသည့်အတွက် စစ်ဘေးရှောင်မှာ ပိုဒုက္ခရောက်ကြရသည်။
DMG