လုံခြုံရေးနှင့်လမ်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဆေးဝါးပို့ဆောင်နိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွင် အားနည်း

By MPM 18 အောက်တိုဘာ, 2023 👁

စစ်ရေးပြင်းထန်နေသည့် ကရင်နီ (ကယား) ပြည်မှာ နယ်မြေလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စစ်ရှောင်လူထုတွေဆီကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ နဲ့ ဆေးဝါးတွေ ရောက်ရှိဖို့ အခက်အခဲတွေ ရှိနေတယ်လို့ CHDN (လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်) တာဝန်ရှိသူတွေက ပြောပါသည်။

“သယ်ယူပို့ဆောင်ရေးက လမ်းမကြီးတွေ မသွားနိုင်တဲ့အတွက် ကျနော်တို့ တောလမ်းကနေ သွားတဲ့အချိန်မှာ ကျနော်တို့ အခက်ခဲရှိတယ်” လို့ CHDN (လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်) ဒါရိုက်တာ ခွန်းဖိလစ်က ပြောဆိုသည်။

စစ်ရှောင်လူထုဆီ ဆေးဝါးသယ်ပို့ဆောင်ရာ၌ လမ်းမကြီးများကို အသုံးပြုသွားလာလို့ မရတော့ဘဲ တောလမ်းများကို အသုံးပြုသွားလာရတာကြောင့် တချို့နေရာတွင် ကားများသွားလာလို့ မရတာကြောင့် ဆေးဝါးများကို လူအားနဲ့ သယ်ယူနေရတာ ရှိနေပြီး တချို့လက်လှမ်းမမီတဲ့ နေရာများလည်း ရှိနေတယ်လို့ ခွန်းဖိလစ်က ဆက်ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်တွေက ဆေးရုံဆေးပေးခန်းတွေကို ပစ်မှတ်ထားပြီး လေယာဉ်ဗုံးကြဲတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေတာကြောင့် လူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာမှာ အခက်အခဲ ဖြစ်စေတယ်လို့ ခွန်းဖိလစ်က အခုလိုပြောပါသည်။

“ကျနော်တို့ ဆေးရုံဆေးခန်းရှိတဲ့ နေရာတော်တော်များများက စစ်ကောင်စီက မြေပြင်ကနေလာမှာ မကြောက်ရပေမဲ့လည်း လေကြောင်းနဲ့ ဗုံးလာကြဲတာတို့ လက်နက်ကြီးတွေ လှမ်းပစ်နေတာမျိုးတွေကြတော့ အဲ့တာကတော့ အခက်ခဲပေါ့နော်” လို့ CHDN (လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်) ဒါရိုက်တာခွန်းဖိလစ်က ဆိုသည်။

လက်ရှိတွင် ကရင်နီပြည်က စစ်ရှောင်စခန်းများတွင် ဆေးဝါးပြတ်လပ်မှုတွေ မကြာခဏ ကြုံတွေ့နေကြရပြီး ဖရူဆိုမြို့နယ်ထဲက တချို့ဆေးခန်းတွေမှာ ရက်လွန်သွားသည့် ဆေးဝါးတွေကိုပါ အသုံးပြုနေရတယ်လို့ ဆိုသည်။

ကရင်နီပြည်တွင် စစ်ရှောင်ဦးရေဟာ နှစ်သိန်းခွဲကျော် ရှိနေပြီး၊ ဒီးမော့ဆိုမြို့နယ်မှာတော့ စစ်ရှောင်ဦးရေ ၁ည သိန်းကျော် ရှိနေသည့် စစ်ရှောင်အများဆုံး ရှိနေသော မြို့နယ်တခုဖြစ်သည်။

ယင်းသို့စစ်ရှောင်ဦးရေများပြားတာကြောင့် စစ်ရှောင်စခန်းများ၌ ဆေးဝါးပြတ်လပ်မှုများ မကြာခဏ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောပါသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအဖွဲ့ (IEC) အနေဖြင့် လိုအပ်သည့် ဆေးဝါးတွေကို ကူညီပေးနေတာ ရှိပေမယ့် တဖွဲ့တည်း ကူညီဆောင်ရွက်နိုင်ဖို့ အခက်ခဲကြောင့် အခြားသော သက်ဆိုင်ရာ အဖွဲ့တွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး(၂) ဦးဗညားက အခုလို ပြောသည်။

“ကျနော်တို့ဆီမှာက IEC ကျန်းမာရေးဌာနကလည်း ပေါ်ထွန်းလာတာ သိပ်မကြာသေးဘူး။ အခုချိန်မှာ စပြီးတော့ ကျနော်တို့က ညှိနှိုင်းတဲ့အဆင့်ပဲ သွားနေတယ်ပေါ့နော်။ သို့ပေမဲ့လည်း ကျနော်တို့အနေနဲ့ အထူးပင် ဂုဏ်ယူတာကတော့ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးဌာနတွေရယ်၊ အခုနောက်မှ ပေါ်ထွန်းလာတဲ့ ကျန်းမာရေး အစုအဖွဲ့တွေရဲ့ အားကောင်းမောင်းသန်တဲ့၊ နောက်ပြီးတော့ ဘာသာရေးအသင်းအဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ သွားနေတာဖြစ်တယ်” လို့ IEC အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။

လက်ရှိ၌ ကရင်နီပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကျန်းမာရေးဌာနတွေအပြင်၊ စစ်ရှောင်ကူညီတဲ့ အဖွဲ့အစည်းတွေနဲ့ လူမှုအသင်းအဖွဲ့တွေက နိုင်ရာဝန်ထမ်းပြီး ကျန်းမာရေးဝန်ဆောင်မှုပေးနေပေမယ့် ကုန်စျေးနှုန်းများ မြင့်တက်လာတဲ့နောက်ပိုင်း တနိုင်တပိုင် ကျန်းမာရေး ဝန်ဆောင်မှုပေးရာမှာ အခက်အခဲ ပိုများလာတယ်လို့ ကရင်နီပြည် စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

“ကုန်စျေးနှုန်း တက်တာပေါ့နော်။ ဒီဆေးပိုင်းမှာဆို ၄/၅/၁၀ သိန်းဖိုးဆို ဘယ်လောက်မှ မရဘူးပေါ့နော်။ ဒီလူနာ ၄/၅/၇ ယောက်လောက် ကုလိုက်တာနဲ့ ဆေးတွေကကုန်သွားပြီပေါ့။ ကျနော်တို့က အခမဲ့ လိုက်ကုသပြီး ဆေးတွေဘာတွေ ဝေပေးတယ်ဆိုတော့ ကျနော်တို့ ဒီဆေးဝါးကုသမှု အစီအစဥ် မိုဘိုင်းမှာ တခေါက်တခေါက်ဆို အနည်းဆုံး သိန်း ၁၅/၂၀ ကြားမှာ ကုန်တယ်‌ပေါ့။ ဒါက ဆေးဖိုးသီးသန့်ပဲ ရှိသေးတာပေါ့” လို့ ကရင်နီပြည် စစ်ရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်ရဲ့ တာဝန်ရှိသူတဦးက ပြောသည်။

ကျန်းမာရေးစောင့်ရှောင်မှုပေးနေတဲ့ အဖွဲ့အစည်းများနှင့် အစုအဖွဲ့တွေက ရှိနေသည့်လုပ်နိုင်စွမ်းနဲ့ လူ့အရင်းအမြစ်အရ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကိုသာ ဦးစားပေးလုပ်ဆောင်နိုင်တယ်လို့ CHDN ရဲ့ ဒါရိုက်တာခွန်းဖိလစ်က ပြောဆိုသည်။

“အားလုံးက ကြိုးကြိုးစားစားနဲ့တော့ လုပ်နေကြတယ်။ တဖက်မှာက ဆေးဝန်ထမ်းတွေဆိုတာက ဆေးပညာတွေ ဘယ်လောက်ပဲ ရှိနေရှိနေ အထောက်အကူပြုတဲ့ ဆေးဝါးတို့၊ ပစ္စည်းတို့ မရှိရင် ကျနော်တို့ လုပ်လို့မရဘူးလေ” လို့ ခွန်းဖိလစ်က ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။