အာဏာသိမ်းစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများ ဆက်လက်လွှဲပြောင်းပေးနေခြင်းသည် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုဆိုးရွားစေသည့်အတွက် စစ်အုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ချက် ချမှတ်အကောင်အထည်ဖော်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုက်သည်။
ထို့ပြင် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လေယာဉ်ဆီ၊ နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စစ်အုပ်စုထံ စီးဆင်းဝင်ရောက်မှုကိုလည်း ထိရောက်စွာ တားဆီးပိတ်ပင်ပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အောက်တိုဘာ ၂၂ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ၌ “သမားရိုးကျလက်နက်များ” ဆိုင်ရာ ဆွေးနွေးမှုအတွင်း ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ သတ်ဖြတ်မှုများကြောင့် ပြည်သူ ၈,၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သံအမတ်ကြီးက ပြောသည်။
ပြည်ပမှ လက်နက်များ ဆက်လက်ရရှိနေခြင်းသည် အရပ်သားပြည်သူများနှင့် အရပ်ဘက်အဆောက်အအုံများကို တိုက်ခိုက်ရာတွင် စစ်အုပ်စု၏ စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
လက်နက်တင်ပို့ရောင်းချသည့် နိုင်ငံများအနေဖြင့် လက်နက်လွှဲပြောင်းမှုများသည် တရားဝင် ကိုယ်ပိုင်ကာကွယ်ရေးအတွက်သာ အသုံးပြုမည်လား၊ အရပ်သားပြည်သူများကို ထိခိုက်နစ်နာစေမည်လားဆိုသည်ကို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့အပေါ် အခြေခံ၍ သေချာစွာ စိစစ်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။
မြန်မာပြည်သူများအကြားတွင်လည်း စစ်အုပ်စုထံ လက်နက်ခဲယမ်းများ တင်ပို့ရောင်းချခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ထောက်ခံအားပေးရာရောက်သည်ဟူသည့် သဘောထားများ ပိုမိုမြင့်တက်လာနေကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်နိုင်ရန် စစ်အုပ်စုထံ လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ စီးဆင်းဝင်ရောက်မှုကို နိုင်ငံတကာက ထိရောက်စွာ တားဆီးပိတ်ပင်ပေးရန်လည်း ၎င်းက အလေးအနက် တိုက်တွန်းခဲ့သည်။
မဇ္ဈိမ