လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးရန် WLB တိုက်တွန်း

By MPM 3 ဩဂုတ်, 2026 👁 60

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မြင့်တက်လာနေ ပြီး ထိုသို့ ကျူးလွန်သူအားလုံးကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ကနေ အဆုံးသတ်ရန် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ အစည်းများ၊ ဖက်ဒရယ်ယူနစ်အာဏာပိုင်များနှင့် နိုင်ငံတကာအသိုင်း အဝန်းကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) က တိုက်တွန်းလိုက်သည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခံရသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် တရားမျှတမှုမရသည့်အပြင် ကျူးလွန်သူများကို အပြစ်ပေးမှုမရှိဘဲ တာဝန်ခံမှု၊ တာဝန်ယူမှု ပျက်ကွက်နေကြသဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်ရရှိနေဆဲဖြစ်ကြောင်း WLB က ဆိုသည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင်လည်း အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံမှုများလာနေပြီး အမျိုးသမီးများမှာ လုံခြုံမှုကင်းမဲ့လာနေသည်။ ထိုအခြင်းအရာသည် တရာဥပဒေစိုးမိုးမှု၊ အခြေခံ ဝန်ဆောင်မှုနှင့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားအားနည်းချက်တို့ကြောင့်ဟု အမျိုးသမီးရေးလှုပ်ရှားသူများက ထောက်ပြကြသည်။

“အဓိက အားနည်းချက်ကတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ဆက်ရှိနေခြင်း ဖြစ်ပါတယ်။ အရေးယူမှု အားနည်းရတဲ့ အကြောင်းရင်းတွေကို ပြောရမယ်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေ အချိန်မီနဲ့ လွတ်လပ်မှုရှိရှိ မလုပ်နိုင်တာ၊ ကျူးလွန်သူကို တာဝန်ခံမှုရှိစေတဲ့ ယန္တရားအားနည်းတာ၊ အသက်ရှင် လွတ်မြောက်သူတွေကို လုံခြုံရေးအာမခံချက် မပေးနိုင်တာ၊ တိုင်ကြားသူတွေကို ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် အမှုဖွင့်ဖို့ ကြောက်ရွံ့နေကြတာ၊ တရားစီရင်ရေးစနစ် အားနည်းတာကြောင့် အမှုတွေကို အဆုံးအထိ ဆောင်ရွက်နိုင်ခြင်း မရှိတာ” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ် ခမ်းမိုင်က DMG သို့ ပြောသည်။

ယင်းကြောင့် စစ်ရေးဖြစ်ပွားဒေသများတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပေါ် လုံးဝ သည်းခံခွင့်မရှိခြင်း (Zero Tolerance) မူဝါဒကို ကျင့်သုံးပြီး အလေးထားကိုယ်တွယ်ရန်လိုအပ် ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) က တောင်းဆိုထားသည်။

လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထိန်းချုပ်နယ်မြေများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့လျှင် လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း ၊ ကျူးလွန်သူကို တာဝန်ခံမှုရှိစေခြင်းနှင့် ထိထိရောက်ရောက် အရေးယူရန် လိုအပ်ကြောင်းလည်း WLB က ဆိုသည်။

ရခိုင်အပါအဝင် စစ်ရေးဖြစ်ပွားရာဒေသက အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအန္တရာယ်ကို ဆိုရွာစွာရင်ဆိုင်နေကြရပြီး တရားမျှတမှုမရရှိခြင်းအပြင် ခြိမ်းခြောက်ခံရမှု၊ ပြစ်တင်ရှုံ့ချမှုစသည့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုပါ ထပ်ဆင့်ခံစားနေကြရသည်။

“မုဒိမ်းမှုဆိုတာကတော့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတစ်ခုပါ။ အဲလိုမျိုးအမှုတွေကို ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ပိုပြီးထိရောက်အောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပြီးတော့ အမှုတွေကိုလည်း ပွင့်လင်းမြင်သာစွာ စစ်ဆေးသင့်တယ်” ဟု စစ်တွေမြို့နယ်က တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် မစိုးမိုးနွယ်က DMG သို့ ဖြေကြားထားသည်။

လက်ရှိ ရခိုင်တွင် မိန်းကလေးငယ်များနှင့် အမျိုးသမီးများအတွက် လုံခြုံရေးအတွက် ကာကွယ်ရေး အစီအမံများ ယခုထက်ပိုလုပ်ဆောင်သင့်ပြီး ထိုသို့လုပ်နိုင်မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနေ ရှောင်ရှားနိုင်မည်ဟု အမျိုးသမီးများက ထောက်ပြနေကြသည်။

WLB ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် (၅) နှစ်အတွင်း ပဋိပက္ခနှင့်ဆက်စပ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV) နှင့် လိင်နှင့် ဂျင်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ဖြစ်စဉ်ပေါင်း (၉၆၃) ကျော်ရှိကြောင်း သိရသည်။

DMG