လမ်းပိတ်ဆို့မှုများကြောင့် ကျောက်တံခါးစစ်ရှောင်များ စားနပ်ရိက္ခာအကူအညီရရန်ခက်ခဲနေ

By MPM 23 အောက်တိုဘာ, 2023 👁

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃)၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအုပ်စုသို့ အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် စစ်တောင်းမြစ် တဖက်ကမ်းသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြသည့် စစ်ဘေးရှောင်များအတွက် လက်ရှိတွင် လမ်းပိတ်ဆို့မှုများကြောင့် စားနပ်ရိက္ခာ အကူအညီရရှိရန် ခက်ခဲနေကြောင်း သိရသည်။

နံဇကျေးရွာအုပ်စု ဖိုးတရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်သည့်အပြင် ပိန်းဇလုပ်နှင့် နတ်သံကွင်း အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများနှင့်ပါ ပစ်ခတ်ခဲ့သဖြင့် ဖိုးတရွာအပါအဝင် ရွာပေါင်း ၆ ရွာထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။

ဒေသခံစစ်ရှောင်များအား ပူးပေါင်းတပ်ဖွဲ့က စစ်တောင်းမြစ်တဖက်ကမ်းသို့ ကူးနိုင်ရန် အကူအညီ ပေးခဲ့သော်လည်း လမ်းပိတ်ဆို့မှုများကြောင့် ရေလမ်းနှင့်တောလမ်း အသုံးပြုသွားလာရသော ကမ်းတဖက်မှ အခြားရွာခံများအနေဖြင့် စားနပ်ရိက္ခာအတွက် သွားရောက်အကူအညီပေးနိုင်ရန် အကန့်အသတ်ရှိနေကြောင်း ကျောက်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ဘက်မှာလည်း အရင်တိုက်ပွဲတွေ ဖြစ်ကတည်းက လမ်းတွေ ပိတ်ထားတာ သွားချင်ရင် တောလမ်းကသွားရတယ်။ လူငှားပြီး ပစ္စည်းသယ်ရတယ်။ ဒီဘက်ကူးလာတဲ့ စစ်ရှောင်အတွက် အများကြီး ကူလို့မရဘူး ဆိုပေမယ့် တတ်နိုင်သလောက်တော့ ခက်ခဲတဲ့ကြားက မရရအောင်ကူလိုက်တယ်။ အရေးပေါ် အဖွဲ့ဆိုတာလည်း နေရာတိုင်းကို ချက်ချင်း မရောက်နိုင်ဘူးလေ။ သူတို့ရောက်တဲ့အထိ စောင့်ရင် တစ်ရက် ထမင်းသုံးနပ်စားနေကျသူတွေ ဆာလောင်မွတ်သိပ်နေမယ်” ဟု အဆိုပါဒေသခံက ပြောသည်။

လက်ရှိတွင်လည်း ဖိုးတရွာကျေးရွာအနီးရှိ အနန်းဘော်ကျေးရွာတွင် စစ်ကောင်စီတပ်က အင်အားများ ထပ်မံဖြည့်တင်းထားသလို KNLA ပူးပေါင်းတပ်ဘက်မှလည်း အင်အားဖြည့်တင်းမှုများ ရှိနေ၍ ပဋိပက္ခ တင်းမာနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီမှာ တပ်ထိုင်နေတော့ စစ်တပ်က စစ်ကြောင်းထိုးဖို့ လုပ်နေတာ ထိုးမရဘူး ဖြစ်နေတယ်။ အခုလည်း နှစ်ဖက်လုံးက အင်အားဖြည့်ထားတယ်။ လောလောဆယ်တော့ ထိတွေ့တိုက်ပွဲက မဖြစ်သေးဘူး။ စစ်တပ်က ရှေ့မတိုးရဲတဲ့သဘောပေါ့။ တိုးလာတာနဲ့တော့ဖြစ်မှာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်ကြောင်း ကေအဲန်ယူနှင့် နီးစပ်သူထံမှ သိရှိရပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခံရမှုများကြောင့် ဒေသခံများ၏ နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိသော်လည်း ဒေသခံများ ထိခိုက်မှု ရှိ/မရှိနှင့် ဖြစ်စဥ်အသေးစိတ်ကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

အလားတူ စစ်ကောင်စီဘက်မှလည်း အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းကို မတွေ့ရှိရသေးပါ။

ပြီးခဲ့သည့် ဇူလိုင်လက ပဲခူးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်တင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းတွင် နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာသလို တိုက်ပွဲကြောင့် KNU ၏ ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးတိမ်းရှောင်နေရသူ ၂ သိန်းကျော်ရှိလာကြောင်း ကရင်ငြိမ်းချမ်းရေးကွန်ရက် KPSN ၏ စာရင်းပြုစုဖော်ပြချက်အရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။