ကရင်အမျိုးအသားအစည်းအရုံး KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့နွဲ့ကျေးရွာရှိဒေသခံများ စစ်ရှောင်ကာလ လနှင့်ချီကြာလာသဖြင့် စားသောက်ရေးအခက်အခဲရှိလာကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ကော့နွဲ့ကျေးရွာနှင့်အနီးနားကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ထောင်နှင့်ချီသောဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသလို နယ်ခြားစောင့်တပ်(BGF) များ ကော့နွဲ့ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံများ ယခုအချိန်ထိ ဘေးလွတ်ရာကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ကော့နွဲ့ရွာခံများက ပြောသည်။
ထိုအပြင် ကော့နွဲ့ကျေးရွာအနီး လက်နက်ကြီးပစ်ခတ်မှုများ နေ့စဥ်ဖြစ်ပွားလျက်ရှိသောကြောင့်လည်း ဒေသခံများ နေရပ်ပြန်နေရေးအတွက် အသက်အန္တရာယ်လုံခြုံစိတ်ချရမှု မရှိဘဲ စစ်ရှောင်ကာလရှည်ကြာလာ၍ စားသောက်ရေးအခက်အခဲရှိလာကြောင်း ကော့နွဲ့ရွာခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
၎င်းက “ပြီးခဲ့တဲ့အကြိုနေ့မှာ ကော့နွဲ့က ဘုရားဒကာ၊ကျောင်းဒကာတချို့က ဆွမ်းချက်ချင်လို့ ခဏတဖြုတ်အိမ်ပြန်မယ်ဆိုတော့ စစ်တပ်က ရွာထဲပေးမနေဘူးဆိုလို့ မပြန်ရဘူး။ ကျမတို့လည်း ဘုန်းကြီးကျောင်းမှာကပ်နေနေရတာ ကြာပြီ။ စားတာသောက်တာကျတော့ ဘုန်းကြီးကျောင်းကို ရွာထဲကလာလှူတာနဲ့ ကျောင်းမှာအသီးအနှံလေးဘာလေးစိုက်ပြီး စားပေါ့။ ရွာပြန်နေလည်း အသက်လုံခြုံရေးမရှိဘူးဆိုတော့ တစ်ယောက်မှပြန်မနေကြဘူး။ ရွာထဲမှာ BGF ပဲရှိတယ်။” ဟု အဆိုပါစစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။
ထိုသို့ စစ်ကောင်စီ၏နေ့စဥ် လက်နက်ကြီးပစ်ခတ်မှုများအကြားမှ စစ်ဘေးရှောင်များသို့ အရေးပေါ်ရိက္ခာကူညီပေးမှုရှိသော်လည်း တိုက်ပွဲနှင့်ပစ်ခတ်မှုများ မည်မျှဆက်လက်ဖြစ်ပွားနေမှန်း မသိနိုင်၍ ဒေသအတွင်းစစ်ရေးအခြေအနေပေါ်မူတည်ပြီး စစ်ဘေးရှောင်များ၏လိုအပ်ချက် ကွဲပြားလာမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ(၁၇)ရက်နေ့က ကော့နွဲ့စစ်ရှောင်အချို့သို့ အရေးပေါ်ရိက္ခာထောက်ပံ့ကူညီခဲ့သော ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) မှ တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါတာဝန်ခံက “ကော့နွဲ့မှာက လက်နက်ကြီးပစ်တာ နေ့တိုင်းလိုလိုပဲ၊ တချို့ကတော့ ရွာနားပတ်ဝန်းကျင်က ဘေးကင်းလောက်တဲ့နေရာတွေမှာ နေနေကြတယ်။ ကျနော်တို့ကတော့ ဒေသခံတွေက အရေးပေါ်စားနပ်ရိက္ခာတောင်းဆိုလာလို့ Phan Foundation၊ Progressive Voices၊ Advance Myanmar နဲ့ နိုင်ငံခြားရောက်ကရင်လူမှုအဖွဲ့အစည်းတွေလို အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ထောက်ပံ့တာပါ။” ဟု ယနေ့ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယမန်နှစ်က စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များ၏ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အား ကော့နွဲ့ကျေးရွာအတွင်း ဖြစ်သလိုမြှုပ်နှံထားသဖြင့် ရွာခံများက သွားရောက်တူးဖော်ကာ သေချာစွာ မြေမြှုပ်နှံပေးခဲ့ရသေးသည်။
စစ်တပ်အာဏာသိမ်းယူပြီးနောက် ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီနှင့်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသလို စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ရော၊လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများ တိုးမြင့်လုပ်ဆောင်လာသောကြောင့် ယခု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအထိ ဒူးပလာယာခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ကိုးသောင်းကျော် ရှိလာကြောင်း ဖေဖော်ဝါရီလ (၂၇) ရက်နေ့က KPSN ၏ ထုတ်ပြန်ချက်အရ သိရသည်။
နန့်ဆန်းထီ (KIC) – ပေးပို့သည်။