တော်လှန်ရေးလက်နက်ကိုင်အချင်းချင်းပြဿနာဖြစ်လျှင် နွေဦးတော်လှန်ရေးကို ထိခိုက်နိုင်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ – KIO/KIA ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးကြီးနော်ဘူက နိရဉ္စရာကို ပြောဆိုသည်။
TNLA နှင့် MNDAA ဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်၍ “KIA အပေါ်တွင် တစ်စုံတရာရိုက်ခတ်မှု ဖြစ်နိုင်ပါသလား” ဆိုသော နိရဉ္စရာသတင်းဌာန၏ မေးခွန်းအပေါ် ဗိုလ်မှူးကြီးနော်ဘူက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
“တော်လှန်ရေးအဖွဲ့အချင်းချင်းမှာ ခုလိုမျိုးတစုံတရာဖြစ်လို့ရှိရင်တော့ နွေဦးတော်လှန်ရေးကိုလည်း ထိခိုက်မှုတစ်စုံတရာတော့ရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဘာကြောင်ဆိုတော့ ကျွန်တော်တို့က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဦတည်ပြီးမှ တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်နေတယ်။ လိုအပ်တာကတော့ လက်နက်ကိုင်အဖွဲ့အားလုံးက တစ်စုတစည်းနဲ့အင်အားစုပြီးမှ တိုက်ပွဲဝင်ဖို့ လိုနေတယ်။ အရေးကြီးတဲ့အဲ့လိုအချိန်မှာ အခုလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ ထိခိုက်မှုတစ်စုံတရာ ရှိနိုင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးနေသော်လည်း ရလဒ်တစုံတရာမထွက်သေးကြောင်း စုံစမ်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီးလည်း ဗိုလ်မှူးကြီးနော်ဘူက ယခုလိုပြောဆိုသည်။
“TNLA နဲ့ MNDAA တို့ လောလောဆယ် ကျွန်တော်ဆီကို လောလောဆယ် အကြောင်းကြားတာမရှိဘူး။ ရှမ်းပြည်မြောက်ပိုင်းမှာကတော့ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရောနောပြီးမှနေတယ်ဆိုတော့ တဖွဲ့ဖွဲ့မှာ ပြဿနာရှိရင် ကျန်တဲ့အဖွဲ့တွေ ရိုက်ခတ်မှု အနည်းနဲ့အများတော့ရှိမယ်လို့ ကျွန်တော်သုံးသပ်ပါတယ်”
MNDAA နှင့် TNLA တို့၏ တိုက်ပွဲများကြောင့် KIA ဆက်စပ်နယ်မြေများတွင် ပြည်သူလူထုအကြား စိုးရိမ်မှုများလည်း ရှိနေကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။
“ပြည်သူလူထုက တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်တာအမှန်ပဲ။ TNLA နဲ့ MNDAA တိုက်ပွဲငယ်လေးတွေဖြစ်တယ်။ နမ်းခမ်းနဲ့ နန့်ဖက်ကာအကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတာ သတင်းကြားခဲ့ပါတယ်။ ပြည်သူလူထုက တိုက်ပွဲတွေဖြစ်မှာ စစ်ရှောင်ရမှာကို သူတို့စိုးရိမ်တယ်” ဟု ဖြေကြားခဲ့သည်။
မတ်လ (၁၇) ရက်မှစတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်တအာင်း (ပလောင်) TNLA အဖွဲ့ ခေါင်းဆောင်များ နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးနေသော်လည်း ရလဒ်တစ်စုံတရာမထွက်သေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မီဒီယာများအား ပြောဆိုထားသည်။
ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ မတ်လ (၁၆) ရက်တွင် အလုံးစုံထိန်းချုပ်လိုက်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် နမ္မတူမြို့ဘက်သို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် နှစ်ဘက်တပ်ဖွဲ့မှ ဗဟိုခေါင်းဆောင်များ မတ်လ (၁၇) ရက်မှစတင်ပြီး လောက်ကိုင်မြို့တွင် တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်သည်။
နိရဉ္စရာ