ရွှေဘိုမြို့နယ် ထူးကြီးနှင့် တည်ပင်ရွာအတွင်းရှိ အရပ်သားပိုင်နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

By MPM 22 ဖေ‌ဖော်ဝါရီ, 2023 👁

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ထူကြီးကျေးရွာနှင့် တည်ပင်ကျေးရွာအတွင်းက ပြည်သူပိုင်အိုးအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရွှေဘိုမြို့နယ် အနောက်ခြမ်း ဝါးရုံကန်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေဘိုဘက်မှလာသည့် စစ်သားများနှင့်ပေါင်း၍ အင်အား ၆၀ ခန့်ရှိသည့် စစ်ကြောင်းက ထူးကြီးကျေးရွာနှင့် တည်ပင်ကျေးရွာများရှိ ပြည်သူပိုင်အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

“ထူးကြီး၊ တည်ပင်ကို ရှို့တာဟုတ်တယ်။ ၃ နာရီခွဲလောက်ကပေါ့ သူတို့စပြီးတော့ ရှို့တာလေ။ ဒီစစ်ကြောင်းက ကြာပြီဗျ။ ဒီစစ်ကြောင်းက ရှေ့ရက်ကတော်တော်ကျထားတာ။ ဗျူဟာမှူးပါသွားတာလေ။ ဝါးရုံကန်ဘက်မှာ ကျတာလေ။ တမြန်မနေ့က လောက်ပေါ့။ အဲ့ဒါသူတို့က ကျေနပ်လို့ ၁၉ ရက်နေ့ ညနေက ကားအကြီးနှစ်စီးနဲ့ အသေးတစ်စီးနဲ့ ဝင်လာပြီးတော့ အင်အားတိုးပြီးတော့မှ ထူးကြီး၊ တည်ပင်ကို ချတော့တာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထူးကြီးကျေးရွာနှင့် ၂ မိုင်ခန့်အကွာအဝေးရှိ ဝါးရုံကန်ကျေးရွာတွင်ရှိနေသော စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ အထိအခိုက်အကျအဆုံးများပြီး ဗျူဟာမှူးတစ်ဦးပါ သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား ထပ်တိုးကာ အနီးအနားကျေးရွာများကို ပတ်၍ မီးလှည့်ရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆိပ်ခွန်ရွာခံ အမျိုးသမီးတစ်ဦးက “ထူးကြီး၊ တည်ပင်ကို မီးရှို့တာ ညအထိ မထွက်ဘူး အဲ့ဒီနေရာကနေ၊ မီးပန်းတွေကို ရဲနေတာပဲ ဒီကနေ မြင်နေရတာ။ သူတို့က ၆၀ လောက်ပဲရှိတယ်။ လက်နက်အင်အားလည်းများတယ်။ အခုဝင်တဲ့ စစ်ကြောင်းက ဒီဘက်မှာ ၉ ရက်ရှိပြီ။ ဒီကနေ့ ထူးကြီးနဲ့ တည်ပင်ပေါ့၊ ကျောက်မြင့်ကနေ စရှို့တာ တောင်ကြောအကုန်လုံးပဲ။ အခုစစ်ကြောင်းက လုပ်တာပဲ။ ပတ်ပြီးတော့ အကုန်ရှို့တာပဲ” ဟု ပြော သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေက မီးရှို့ခံလိုက်ရသည့် တည်ပင်နှင့် ထူးကြီးကျေးရွာက မီးခိုးများကို ဆိပ်ခွန်ကျေးရွာဘက်မှပင် လှမ်းမြင်နေရသည်ဟု ဒေသခံရွာသားများက ပြောသည်။

အဆိုပါကျေးရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသေးသည့်အတွက် အိမ်ခြေမည်မျှ မီးလောင်သွားသည်ကိုမူ မသိရသေးပေ။

ရွှေဘို အနောက်ဖက်ရှိ ကျောက်မြင့်၊ ဒင်တဲ၊ ရေတော်မူ၊ မဲတော၊ ငါဆူကုန်း၊ မုတ်စီ၊ ပလိုင်း၊ ဝင်းစီကုန်း၊ ရွာသာ၊ ထူးကြီး၊ တည်ပင်၊ ကန်သာ၊ ဂုံနန် စသည့် ကျေးရွာပေါင်း ၁၃ ရွာအား စစ်ကောင်စီတပ်က ၉ ရက်အတွင်း လိုက်လံမီးရှို့နေခြင်းခြင်းဖြစ်သည်။

အဆိုပါကျေးရွာများကို မီးပိတ်ရှို့နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ခလရ ၄၂၊ ခလရ ၁၁၊ ခလရ ၁၂ နှင့် ရွှေဘိုလေ့ကျင့်ရေး ၈ ပူးပေါင်းတပ် စစ်ကြောင်းဖြစ်သည်ဟု မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

NMG – ပေးပို့သည်။