6 ဇွန် 2026 /

See today's Peace Related News

Homeသတင်းရွေးကောက်ပွဲကို နိုင်ငံတကာက အသိမှတ်ပြု မပြု နားမလည်ဟု စစ်ခေါင်းဆောင်ပြော

ရွေးကောက်ပွဲကို နိုင်ငံတကာက အသိမှတ်ပြု မပြု နားမလည်ဟု စစ်ခေါင်းဆောင်ပြော

စစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း၊ မပြုခြင်းကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နားမလည်ဟုပြောကြောင်း ယနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် ပြောသည်။

“မြန်မာပြည်မှာနေတဲ့ ပြည်သူတွေမဲပေးတာလေ။ အပြင်ကလူတွေ မဲပေးတာမဟုတ်ဘူး။ နိုင်ငံခြားကလူတွေ အသိမှတ်ပြုတာ မပြုတာ ကျွန်တော်တို့ နားမလည်ဘူး။ ပြည်သူက အသိအမှတ်ပြုတာ ဒီလိုပဲသွားရမယ်” ဟု စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနေသည့် မန္တလေးမဲရုံများကို လိုက်လံကြည့်ရှုစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မဲလာမပေးသည့် ပြည်သူများသည် လုံခြုံရေးစိုးရိမ်ချက် နှင့် ၎င်းတို့ကြိုက်နှစ်သက်သည့် ပါတီ မပါခြင်းကြောင့် မဲလာမပေးခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း(၂) ကို ဇန်နဝါရီ ၁၁ ရက်နေ့၌ မြို့နယ် ၁၀၀ နှင့် အပိုင်း(၃) ကို ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် မြို့နယ် ၆၃ မြို့နယ်၌ ကျင်းပနေသည်။

ရွေးကောက်ပွဲပြီးပါက လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး အနိုင်ရသည့် အစိုးရကို လုပ်ငန်းစဉ်အတိုင်း နိုင်ငံတော်တာဝန် လွှဲပြောင်းမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၂၀ ရက်နေ့ ရှမ်းပြည်နယ် ခိုလမ်မြို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်မိသားစုတွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

လက်ရှိတွင် ဇန်နဝါရီ ၁၇ ရက်နေ့အထိ UEC ရဲ့ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) နှင့်(၂) တွင် ပြည်သူ့လွှတ်တော် ၉၄ နေရာအနက် နေရာ ၈၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ၄၇ နေရာတွင် ၃၁ နေရာကို စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိထားသည်။

မဇ္ဈိမ