ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတဲ့ ပဇီကြီးရွာကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

By MPM 20 ဧပြီ, 2023 👁

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ဒေသခံ အရပ်သားပြည်သူ ၁၇၀ နီးပါးသေဆုံးထားတဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက ဧပြီလ ၂၀ ရက်နေ့မှာ နောက်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၂၀ ရက် နေ့လည် ၂ နာရီ ၂၆ မိနစ်အချိန်က ဂျက်ဖိုက်တာနဲ့ သုံးပတ်ဝဲပြီး ဗုံးလာကြဲသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုပိုးစုန်းကြူးက ပြောပါတယ်။

“လာကြဲတာတော့ တစ်စီးတည်းပဲ။ ရွာမှာ မီးလောင်နေတာ အခုထိ မီးခိုးတွေမြင်နေရဆဲပဲ။ အနီးမှာ သူတို့စစ်ကြောင်းကလည်းရှိနေတော့ အခြေအနေကိုတော့ မသိရသေးဘူးဗျ။ ဘာလို့လဲတော့ မသိဘူး၊ အထွေအထူး ထိတွေ့တိုက်ပွဲလည်း မဖြစ်ပါဘူး။ ရွာသားတွေ စစ်ရှောင်တွေကတော့ မနေ့ကတည်းက ဝေးရာကို ရွှေ့ပြောင်းပြီးသားဆိုတော့ အဆင်ပြေကြပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ အခုလ ၁၁ ရက်မနက်ပိုင်းက ပဇီကြီးရွာကို ဗုံးကြဲတိုက်ခိုက်ထားတာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ၆ လသား ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ ၁၆၈ ဦး သေဆုံးခဲ့ရပါတယ်။

ရှမ်းနီအသံမှ ပေးပို့သည်။