ရေးမြို့နယ် ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ

0
390

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီး အသက် ၁၄ နှစ်အရွယ် အရပ်သား ၁ ဦးနှင့် ပြည်သူ့စစ် ၂ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇီးဖြူတောင်ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးကို ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အချိန်ခန့်က ၎င်းတို့အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ YGF က ထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရသည့်ဖြစ်စဥ်အတွင်း အသက် ၁၄ နှစ်အရွယ် မောင်ငြိမ်းခန့်ကျော်ဆိုသည့် အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ရေးပြောက်ကျားတပ်ဖွဲ့ YGF ထုတ်ပြန်ထားချက်တွင် ဇီးဖြူတောင်ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံး ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ရှင်းလင်နိုင်ခဲ့သည်ဟုဆိုသည်။

၎င်းပြင် AK ရိုင်ဖယ် သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်စဥ်အတွင်း အရပ်သားကို မှားယွင်းပစ်ခတ်မိသည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ကျန်ရစ်က ထုတ်ပြန်ပြောဆိုထားသည်။

“ကျနော်တို့မစ်ရှင်တွေ ဆက်လုပ်သွားမှာမို့လို့ ပြည်သူတွေအနေနဲ့ ခွေးတွေနဲ့ ဝေးဝေးနေပေးပါ” ဟုလည်း ဗိုလ်ကျန်ရစ်က ဆိုသည်။

ရေးပြောက်ကျားတပ်ဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများ စစ်ကောင်စီလက်အောက်ခံ ဂိတ်များ၊ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့်အပြင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်ထားသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here