ရသေ့တောင်မြို့နယ် စေတီပြင်ရွာသား ၁ ဦး မိုင်းနင်းမိ၍ ဘယ်ခြေထောက် ပြတ်ထွက်သွား

By MPM 3 မတ်, 2023 👁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာသား ၁ ဦးသည် ယနေ့နံနက်က တောင်ပေါ်သို့ ဝါးသွားခုတ်သွားစဉ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်သွားသူမှာ ရသေ့တောင်မြို့နယ်၊ စေတီပြင်အရှေ့ရွာသစ်ရပ်ကွက်မှ အသက် (၃၈) နှစ်အရွယ် ဦးအောင်စံဌေးဖြစ်သည်ဟု ရွာသားများက ပြောသည်။

သူသည် မတ်လ ၁ ရက်၊ နံနက်စောစောက စိုက်ခင်းအတွက်လိုအပ်သည့် ဝါးများခုတ်ယူရန် မယူတောင်ပေါ်သို့ ထွက်သွားရာမှ နံနက် ၉ နာရီကျော်ခန့်တွင် မိုင်းနင်းမိသွားခြင်းဖြစ်သည်ဟု စေတီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ သူက မယူတောင်ပေါ်မှာ တစ်ယောက်တည်း ဝါးခုတ်သွားတာလို့ သိရတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာ မသိရသေးဘူး။ မိုင်းထိလို့ ၉ နာရီလောက်မှာ သူကိုယ်တိုင် ရွာကိုဖုန်းဆက်တာလို့ပြောတယ်။ ရွာကလူတွေ သွားယူနေကြတယ်” ဟု ပြောသည်။

မိုင်းနင်းမိ၍ ဦးအောင်စံဌေး၏ ဘယ်ဘက်ခြေထောက် ဒူးအောက်ပိုင်းမှ လုံးဝပြတ်တောက်သွားသည့်အပြင် ညာဘက်ခြေထောက်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ဟု ရွာသားများက ပြောသည်။

လက်ရှိတွင် စေတီပြင်ကျေးရွာသားများက မယူတောင်ပေါ်၌ သွားရှာနေကြသည်ဟု လိုက်ရှာရာတွင် ပါဝင်သည့် ရွာသားတစ်ဦးက ပြောသည်။

“ မယူတောင်ပေါ်မှာ ဝါးခုတ်သွားတာဆိုတော့ ဖုန်းအဆက်အသွယ်ရလည်း ဘယ်နေရာမှာဆိုတာ မသိရသေးဘူး။ ရှာနေဆဲပါ” ဟု ပြောသည်။

မိုင်းနင်းမိသည့် ဦးအောင်စံဌေးတွင် သား (၃) ဦးရှိသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက် ၁၂ နာရီခန့်ကလည်း ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဦးဇော်မိုးလွင် (ခ) မောင်ချေမှာ ၎င်းတို့ရွာအနီးရှိ (၃၇၄) တောင်သို့ ထင်းသွားခွေရာတွင် မိုင်းနင်းမိ၍ ညာခြေတစ်ဘက်ပြတ်သွားခဲ့သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ ယာယီရပ်နားထားသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်တို့ကြောင့် တောတောင်များသို့ ဟင်းရှာ၊ ထင်းခွေရန်သွားသည့် ဒေသခံပြည်သူအများအပြားမှာ မကြာခဏ ထိခိုက်ဒဏ်ရာရရပြီး သေဆုံးမှုများလည်း ရှိနေသည်။

ထိုကဲ့သို့ သေဆုံးဒဏ်ရာရရှိမှုများရှိနေသော်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ ဒေသများရှိ ကျေးရွာများအနီးဝန်းကျင်တွင် တိုက်ပွဲကာလအတွင်း ထောင်ထားသည့် မိုင်းများကို ရှင်းလင်းပေးခြင်းမရှိဘဲ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းနေသည်ဟု သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။