အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ် ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောများ သွားလာလှုပ်ရှားမှုများပြားလာနေပြီး ယခုရက်ပိုင်းအတွင်း ကမ်းခြေအနီးထိ ချည်းကပ်ရပ်နားနေကြောင်း ဒေသခံများက ပြောသည်။
ရမ်းဗြဲမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကုန်ပိုင်းက စ၍ စစ်ကောင်စီ၏ စစ်သင်္ဘောများမှာ ပင်လယ်အဝဘက်သို့ ဆုတ်ခွာသွားခဲ့ကြခြင်း ဖြစ်သော်လည်း ယခု ဧပြီလ ဒုတိယအပတ်ကစပြီး ကမ်းခြေနှင့် နီးကပ်သောနေရာများသို့ ပြန်လည်ချည်းကပ်လာနေခြင်းဖြစ်သည်။
ကျောက်နီမော်ဒေသခံ အမျိုးသားတစ်ဦးက “ရမ်းဗြဲကို AA က သိမ်းပြီးနောက် ကမ်းနားမှာ စစ်သင်္ဘော မတွေ့ရဘူး။ ပင်လယ်အဝဘက်ထိ ငါးဖမ်းဖို့သွားတဲ့ စက်လှေတွေလောက်ပဲ အန္တရာယ်ရှိခဲ့တာ။ အခုဆို ကမ်းနားအနီးထိ နှစ်စီးတောင်မှ ကပ်လာတာကြောင့် ငါးဖမ်းသမားတွေသာမက ရွာသားတွေအတွက်ပါ စိုးရိမ်နေရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ ရက်မှ စ၍ ကျောက်နီမော်ကျေးရွာအနီးတွင် စစ်သင်္ဘော ၂ စီး ချည်းကပ်ရပ်နားနေသဖြင့် ငါးဖမ်းသမားများနှင့် ရေကြောင်းခရီးသည်များမှာ ဖြတ်သန်းသွားလာရန် အခက်အခဲတွေ့ ကြုံနေကြရခြင်းဖြစ်ပြီး ကျေးရွာသားများမှာလည်း စိုးရိမ်ထိတ်လန့်နေကြခြင်းဖြစ်သည်။
အဆိုပါ စစ်သင်္ဘော ၂ စီးသည် ဧပြီ ၁၂ ရက်တွင် ကျောက်နီမော်ကျေးရွာမှ ငါးဖမ်းစက်လှေ ၁ စီးကို ဖမ်းဆီး၍ ငါးနှင့် ငါးဖမ်းပစ္စည်းများကို လုယူသွားပြီး ငါးဖမ်းသမားများကိုလည်း နောက်တစ်ကြိမ် ထပ်မံတွေ့ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆို လွှတ်ပေးလိုက်ကြောင်း သိရသည်။
DMG ၏ စုံစမ်းချက်အရ ယခု ဧပြီလအတွင်း ရမ်းဗြဲ- မာန်အောင် ရေလက်ကြားနှင့် ရမ်းဗြဲ- တောင်ကုတ် ရေလက်ကြားအပါအဝင် ရမ်းဗြဲ- ကျောက်ဖြူ အစပ်ပင်လယ်ပြင်တို့တွင် စစ်သင်္ဘော ၆ စီးထက်မနည်း သွားလာလှုပ်ရှားမှု တွေ့လာရခြင်းဖြစ်သည်။
“အရင်ဆိုရင် မာန်အောင်ဘက်အခြမ်းလောက်မှာပဲ တွေ့ရတယ်။ အခုဆိုရင် ကြည့်တာနဲ့ကို ထင်ထင်ရှားရှား မြင်ရတဲ့အထိ အနီးကို ကပ်လာတာ။ အရင်လို ပုံမှန်မဟုတ်တော့ စိုးရိမ်စရာတော့ရှိတယ်” ဟု ရမ်းဗြဲမြို့နယ် ဇီးတောကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ် နှစ်ခုပါဝင်သော ရမ်းဗြဲကျွန်းသည် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မာန်အောင်ကျွန်းနှင့် မိုင် ၂၀ ခန့် အကွာ ရေလက်ကြားတစ်ခုသာခြားပြီး လက်ရှိ တိုက်ပွဲဖြစ်နေသော ကျောက်ဖြူမြို့နှင့်လည်း မိုင် ၄၀ ကျော်သာ ကွာဝေးသည်။
ရမ်းဗြဲမြို့နယ်သို့ စစ်သင်္ဘောများ ချည်းကပ်လာနေခြင်းမှာ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသော AA ၏ ထိုးစစ်အရှိန်ကို ဟန့်တားရန်နှင့် စစ်ရေး ခြိမ်းခြောက်ရန်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။
ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ခံ အမျိုးသားတစ်ဦးက “ကျောက်ဖြူကို အာရုံစိုက်နေတဲ့ AA ကို ရမ်းဗြဲဘက်မှာ ကမ်းထိုးမယ့် ပုံစံမျိုး စစ်ကောင်စီက အဲလို လုပ်ပြတာဖြစ်နိုင်သလို တစ်ဖက်မှာလည်း အရပ်သားတွေကို ရည်ရွယ်ပစ်ခတ်ဖို့ ကမ်းနားအထိ လာကပ်တာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း ကုန်းတွင်းနယ်မြေများကို ဆုံးရှုံးထားရသော စစ်ကောင်စီသည် ယခုနှစ်ဆန်းပိုင်းမှစ၍ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမှတစ်ဆင့် ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်သို့ စစ်သင်္ဘောအစီး ၃၀ ထက် မနည်း စေလွှတ်ပြီး ရေကြောင်းစစ်မျက်နှာ တိုးချဲ့နေကြောင်း သိရသည်။
အဆိုပါ စစ်သင်္ဘောများမှာ မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေ ရေတပ်ဌာနများကို အဓိကအားကိုးရာ နောက်ဆုံးခံတပ်အဖြစ် အသုံးပြု၍ ရခိုင်တောင်ပိုင်း ဂွ၊ သံတွဲ၊ မာန်အောင်၊ ကျောက်ဖြူနှင့် ရခိုင်မြောက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်ဝအထိ ဖြန့်ကျက်လှုပ်ရှားနေခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင် စစ်ကောင်စီသည် ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းခြင်း၊ ကုန်းတွင်းတိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်းနှင့် AA ထိန်းချုပ်ဒေသများကို ရေကြောင်းမှ တစ်ဆင့် ကုန်စည်နှင့် ဆေးဝါးများ မဝင်ရောက်နိုင်အောင် ဟန့်တားပိတ်ဆို့ခြင်းတို့ကို ပြုလုပ်လျက်ရှိနေသည်။
DMG