ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

By MPM 20 မတ်, 2026 👁 1

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတဲ့ SSPP ဂိတ်တွေကို စစ်တပ်က ဖယ်ပေးခိုင်းတာ၊ နောင်ချိုသွားတဲ့ လမ်းတကြောပေါ့။ သူတို့ဖယ်ခိုင်းတာ ကြာပြီ၊ ပြီးခဲ့တဲ့ သုံးရက် တစ်ပတ်လောက်မှပဲ ဖယ်ပေးလိုက်တာပါ။ လမ်းမကြီးပေါ်မှာရှိတဲ့ ဂိတ်တွေပါပဲ၊ တခြားနေရာတွေ မပါဘူး” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ဒုတိယပတ်တွင်လည်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က မိုင်းပွန်ဒေသရှိ SSPP/SSA တပ်စခန်းများကို ဆုတ်ခွာခိုင်းရာမှ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့သည်။

လက်ရှိ ရပ်စောက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေကြကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့်