ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းကြေးဟုဆိုကာ စစ်ကောင်စီက တစ်အိမ်ကို ငွေကျပ် ၂၀,၀၀၀ နှုန်း ကောက်ခံနေသဖြင့် မြို့ခံများ ဝေဖန်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
သာကေတမြို့၊ တောင်ဒဂုံနှင့် မြောက်ဒဂုံ၊ သမိုင်း စသည့် နေရာများတွင် စစ်ကောင်စီက ရပ်ကွက်အလိုက် စစ်မှုထမ်း အကျုံးဝင်သည့် အသက်အရွယ်ရှိသူတိုင်း၏ နေအိမ်များကို စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေခြင်းဖြစ်သည်။
“ ရပ်ကွက်အလိုက် စစ်မှုထမ်းကြေးဆိုပြီး တစ်အိမ်ကို ငွေ ၂၀,၀၀၀၊ ၁၀,၀၀၀ ဒီလိုမျိုး ကောက်ခံနေတာရှိတယ်။ စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့ အိမ်တွေကို လစဉ်အလိုက် လိုက်ကောက်တာ” ဟု သာကေတမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုကို တင်းကျပ်စွာ ပြုလုပ်လာနေပြီး တွေ့ရှိပါက ငွေကြေး ကောက်ခံမှုနှင့် ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းကြေး ကောက်ခံခြင်းကို ယခင်ကတည်းက ရန်ကုန်တိုင်းတွင် နေရာကွက်ကျား ကောက်ခံနေခြင်းဖြစ်ပြီး စစ်မှုထမ်းကြေး မြင့်လာသည်နှင့်အမျှ လက်လုပ်လက်စား ဒေသခံများ အခက်ကြုံနေကြကြောင်း သိရသည်။
“ အခုကာလက ပိုက်ဆံ သောင်းဂဏန်းဆိုတာကလည်း လွယ်လွယ်ပေးလိုက်ဖို့ လွယ်နေတာမဟုတ်ဘူး။ ပြီးရင် စစ်မှုထမ်းကြေးဆိုပြီး လစဉ် ကောက်ခံနေတာ။ ဘယ်နေရာမှာသုံးမယ်မှန်းလည်း မသိဘူး။ ဘယ်အချိန်ထိ ပေးနေရဦးမလဲမသိဘူး၊ လတိုင်း မရှိလည်းပေး၊ ရှိလည်းပေးနေရတယ်” ဟု ရန်ကုန်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် ရန်ကုန်မြို့အတွင်း ပြောင်းရွေ့နေထိုင်သူ အများအပြားရှိသည့် နေရာများကို ရှောင်တခွင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများရှိနေသဖြင့် ပြောင်းရွေ့နေထိုင်သူများမှာ စိုးရိမ်နေရကြောင်း ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၈ ရက်ကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ၁၀ ဈေးလမ်းတွင် လူငယ်နှစ်ဦးကို စစ်ကောင်စီက ကင်းလှည့်ကားဖြင့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း Rangoon Scout Network ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်လိုက်သည့် စစ်မှုထမ်းဥပဒေနှင့် လစဉ် လူဦးရေ ၅,၀၀၀ နီးပါးကို စစ်မှုထမ်းရန် အတင်းအဓမ္မဖမ်းဆီးခြင်း၊ မဲနိုက်ခေါ်ယူခြင်းများ ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁၇ ထိရှိရောက်ရှိလာပြီဖြစ်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသည့် ရှေ့တန်းနေရာများတွင် စေလွှတ်ထားသဖြင့် တိုက်ပွဲအတွင်း သေဆုံးသူ၊ အလင်းဝင်လာသူများနှင့် ဖမ်းဆီးခံရသူ အများအပြားရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
DMG