ရခိုင် အမျိုးသမီးသတင်းထောက်တစ်ဦး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရ

By MPM 3 မေ, 2026 👁 2

သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံနေရသဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း သံလွင်ခက် သတင်းဌာနက မေလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

သတင်းထောက် မခင်သရီဖီဦးကို ÒTwan Lynn Thein” အမည်နှင့် Facebook အကောင့်ပိုင်ရှင်မှ အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျမ အခုရင်ဆိုင်နေရတဲ့ပြဿနာက သတင်းထောက်ဖြစ်နေလို့တင် မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက် ဖြစ်နေတာရယ်၊ ဗမာစကားပြောတာရယ်ကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ စတင် ဆဲဆို တိုက်ခိုက်ခံရတာပါ။ ဒီလိုမျိုးဆဲဆိုတာတွေကို မလုပ်ဖို့ပြောတဲ့အခါမှာလည်း ကျမတို့ရဲ့ တရားဝင် Page အောက်မှာတင် ပိုပြီး ညစ်ညမ်းတဲ့စကားတွေ၊ အပြစ်ဖို့တဲ့မေးခွန်းတွေနဲ့ comment တွေကို ထပ်ပြီး တွေ့နေရတုန်းပါပဲ” ဟု မခင်သရီဖီဦးက ဆိုသည်။

အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားခြိမ်းခြောက်မှုပြုလုပ်သူမှာ ရခိုင်ပြည်၊ ပန်းမြောင်းတိုက်နယ်၊ နဂါရွာအုပ်စု၊ သိမ်တောင်ရပ်ကွက်မှ ကိုထွန်းလင်းသိန်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ရပ်များမှာ အမျိုးသမီးတစ်ဦး အပေါ် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်သည့် ရာဇဝတ်မှုမြောက်သဖြင့် ဥပဒေနှင့် အညီဆောင်ရွက်ပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကို တောင်းဆိုထားသည်။

မခင်သရဖီဦးသည် ရခိုင်ပြည်တွင်း မြေပြင်သတင်းများကို ပြည်သူများသိအောင် အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေသည့် အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်ပြီး သတင်းလုပ်သက် ၁၀ စုနှစ်တစ်ခုအထိ ဖြတ်သန်းလာသူဖြစ်သည်။

ထိုသို့ ပြည်သူများအနေဖြင့် သတင်းမှန်များ‌ရောက်ရှိရေးအတွက် အသက်အန္တရာယ်ကြားမှာ ကြိုပမ်းနေကြသည့် သတင်းသမားများ၊ အထူးသဖြင့် အမျိုးသမီးသတင်းထောက်များအပေါ် ယခုကဲ့သို့ အကြမ်းဖက်ခြိမ်းခြောက်မှုများကို အများပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချပေးရန် ထုတ်ပြန်ချက်က ဆိုထားသည်။

“ဒီကိစ္စကို ဒီအတိုင်း ရပ်ကြည့်နေလို့ မရတော့ပါဘူး။ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ရော၊ ကျမတို့ရဲ့ လူမှုအသိုင်းဝိုင်းတစ်ခုလုံး အနေနဲ့ပါ ဒီလိုလုပ်ရပ်တွေကို ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက် ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်တစ်ခုဖြစ်ဖို့ ဒါမျိုးတွေကို အမြစ်ပြတ်အောင် ကျမတို့ အတူတူ တွန်းလှန်ကြဖို့ ပြောချင်ပါတယ်” ဟု မခင်သရဖီဦး က ဆက်ပြောသည်။

ယင်းအပြင် သံလွင်ခက် သတင်းဌာန အနေဖြင့် အမျိုးသမီးဝန်ထမ်းများအပေါ် ယခုကဲ့သို့ ခြိမ်ခြောက်မှုမျိုးကို လုံးဝ သည်းခံမည်မဟုတ်ကြောင်းနှင့် ကျူးလွန်သည့်သူ၏ အထောက်ထားများကို စုဆောင်းကာ နိုင်ငံတကာ သတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့စည်းများထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ‌မေလ ၃ ရက်သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီး သတင်သမားများ၏ လုံခြုံရေးနှင့် လွတ်လပ်ခွင့်ကို လေးစားတန်ဖိုးထားရန် ကမ္ဘာတစ်ဝန်းက အသိမှတ်ပြုထားသော နေ့ဖြစ်သည်။

ထို့ကြောင့် အမျိုသမီးများ အပေါ် ထိုကဲ့သို့ လေးစားမှုမရှိဘဲ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ပြောဆိုခြင်းများနှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု ကျူးလွန်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူ ကိုင်တွယ်ဖြေရှင်းပေးရန် ရခိုင်ပြည်က အမျိုးသမီးများက တောင်းဆိုနေကြသည်။

DMG