ရခိုင်ပြည်၊ အမ်းမြို့မ ရဲစခန်းတွင် အချုပ်ကျနေသည့် မင်းပြားမြို့နယ်၊ နားဒင် (ရွာသစ်) ကျေးရွာမှ လူငယ်တစ်ဦးသည် ကျန်းမာရေးမကောင်း ဖြစ်နေသော်လည်း အချိန်မီ ဆေးကုသခွင့် မရသည့်အတွက် ဇူလိုင်လ ၁ ရက်က သေဆုံးသွားသည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသွားသူမှာ အသက် ၂၉ နှစ်အရွယ် ကိုမောင်သန်းစိုးဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုပြီး မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမ်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသူ ဖြစ်သည်။
သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးအောင်ထွီးစံက “ပြီးခဲ့တဲ့လက ရုံးချိန်းမှာလည်း ‘အသက်ရှူကျပ်တယ်’ ဆိုပြီး ပြောတယ်။ အသက်ရှုကျပ်ရောဂါရှိပြီးတော့ တစ်လလောက် ဖျားခဲ့တယ်၊ ကိုယ်အပူရှိန် မကျဘူး။ ကျနော်တို့က ဆေးကုသခွင့် တောင်းရင်လည်း မပေးဘူး။ တစ်လလောက် ဆန်ပြုတ်စားပြီးတော့ နေခဲ့ရတာ။ အဲဒီနေ့က အသက်ရှုကျပ် လာပြီးတော့ သိပ်မခံနိုင်တော့တဲ့ အချိန်ကျမှ ဆေးရုံကို ပို့ပေးတာ။ ဆေးရုံမှာ ၁ နာရီလောက်ပဲ နေခဲ့ရတယ်” ဟု ပြောသည်။
ကိုမောင်သန်းစိုးကို AA နှင့် ဆက်စပ်သည်ဟု ဆိုပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလက သံတွဲ ကားဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်တပ်အရာရှိတစ်ဦးက တရားလို ပြုလုပ်၍ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် အမ်း မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
အမ်းမြို့မ ရဲစခန်းတွင် အချုပ်ကျနေသည်မှာ ၉ လကျော် ကြာမြင့်ခဲ့ပြီး၊ တရားရင်ဆိုင်နေစဉ် ကျန်းမာရေးမကောင်း ဖြစ်နေသော်လည်း အချိန်မီ ဆေးကုသခွင့် မရသည့်အတွက် သေဆုံးသွားရသည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသွားသည့် ကိုမောင်သန်းစိုး၏ ရုပ်အလောင်းကို ဇူလိုင်လ ၁ ရက်နေ့က အမ်းမြို့သုဿန်တွင် မိသားစုဝင်များက သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့ခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က “တခြားမြို့နယ်တွေက ရဲစခန်းနဲ့နှိုင်းရင် အမ်းရဲစခန်းက ပိုပြီးတော့ တင်းကျပ်မှု များတယ်။ အမ်းမြို့က စစ်ဌာနချုပ်နဲ့ နီးစပ်တဲ့အတွက် စစ်တပ်အရာရှိတွေက ခန့်ခွဲတာတွေလည်း ရှိတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း မရဘူး။ ကိုမောင်သန်းစိုးဆိုရင် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲ ခံထားရတာ ဖြစ်လို့ သေဆုံးတာကို သိရတာ၊ တချို့အမှုတွေနဲ့ တရားရင်ဆိုင်နေရသူတွေ ဆိုရင် သေသွားတာကို တောင် မသိလိုက်ရဘူး” ဟု ဝေဖန်ပြောသည်။
ကိုမောင်သန်းစိုး အချိန်မီ ဆေးကုသခွင့်မရခဲ့ကြောင့် မိသားစုဝင်များ ပြောဆိုချက်နှင့် ပတ်သက်ပြီး အမ်း မြို့မရဲစခန်း စခန်းမှူးကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပါ။
အကျဉ်းထောင်လက်စွဲ ဥပဒေအရ အကျဉ်းသား၊ အချုပ်သားတိုင်းသည် ထောင်တွင်း အကျဉ်းကျနေစဉ် ကာလတွင် သင့်လျော်သည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိပိုင်ခွင့်ရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။
စစ်တွေဒေသခံ ရှေ့နေတစ်ဦးက “လူတစ်ယောက်ကို ဘယ်အကြောင်းနဲ့ပဲ ဖမ်းဖမ်း တရားရင်ဆိုင်နေရတဲ့ အခြေအနေမှာ တရားရုံးက အမိန့်မချသရွေ့တော့ အပြစ်ကင်းစင်နေတဲ့ လူတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆေးကုသခွင့် မပေးတာဟာ အာဏာပိုင်တွေက ရည်ရွယ်ချက်ရှိရှိ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။ ဒါတွေဟာ ရာဇဝတ်မှု ကျုးလွန်တာ ဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက မြောက်ဦးမြိုနယ်၊ ပေါက်တောပြင်ကျေးရွာက ဒေသခံတစ်ဦးအား AA နှင့် ဆက်စပ်သည့် သံသယဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက် ခံရသောကြောင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။
အောင်ထိန် (DMG) ပေးပို့သည်။