ရခိုင်တွင် စစ်ဘေးရှောင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရချို့တဲ့မှု ကြုံနေရ

By MPM 1 စက်တင်ဘာ, 2026 👁 37

ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ  စားဝတ်နေရေးအခက်အခဲများကြောင့် အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေရပြီး အချို့မှာ ကျန်းမာရေးချို့တဲ့မှုများအထိ ရှိလာသည်ဟု ပြောဆိုကြသည်။

အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အကူညီရရှိခြင်း နည်းပါးမှုတို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရသည်။

ထိုသို့ အခက်အခဲများကြောင့် စစ်ဘေးရှောင်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ အစာအာဟာရများကို လုံလောက်စွာ မစားသုံးရသဖြင့် အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

“အာဟာရမျှတအောင် စားရတယ် ဆိုတာကလည်း ပိုက်ဆံအပေါ် မှုတည်တာပေါ့။ ပိုက်ဆံက အများကြီးမရတော့ မိသားစုစားဝတ်နေရေးနဲ့ ချင့်ချိန်ပြီး အာဟာရပြည့်ဝအောင် မစားနိုင် မသောက်နိုင် ဖြစ်နေတယ်။ ကိုယ် တစ်ယောက်တည်း စားရမှာက မဟုတ်ဘူး။ သားသမီးတွေ အတွက်လည်း ငဲ့ရတဲ့ အခြေနေတွေရှိတယ်” ကျောက်တော်မြို့တွင် စစ်ဘေးရှောင်နေသည့် စစ်တွေမြို့နယ်မှ ကိုယ်ဝန်ဆောင် မိခင် ဒေါ်ညိုညိုသန်းက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုယ်ဝန်ဆောင်မိခင်များမှာ ၄ လတစ်ကြိမ် ငွေကြေးထောက်ပံ့မှုများ ရရှိသော်လည်း အဆိုပါ ငွေများကို မိသားစု စားဝတ်နေရေး၊ ကျန်းမာရေးကဏ္ဍများတွင် အသုံးပြုနေရသည်ဟု ၎င်းက ပြောသည်။

စားဝတ်နေ‌ရေး အခက်အခဲများကို ရင်ဆိုင်နေရသည့် အခြေနေတွင် မိသားစု ဝမ်းဝရေးအတွက် ဖြစ်သလို ကြံဖန်စားသောက်နေရသဖြင့် ကလေးငယ်များမှာလည်း အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

“ ဒီနေ့ ငါးနဲ့စားရင် နောက်နေ့ဆိုရင် ဟင်းနဲ့စားရတယ်။ အဲဒီလိုပဲ လောက်ငှအောင် လုပ်ပြီးတော့ စားရတယ်။ ပိုက်ဆံမရှိတဲ့‌အခါတွေဆိုရင် သူများတွေဆီက ချေးငှားပြီးတော့ သုံးရတယ်။ သူများတွေမှာ ကိုယ့်အတိုင်းအတာနဲ့ ကိုယ် ပေးနိုင်ကြပေမဲ့ ကျမ သမီးလေးက ဒီနေ့စားရင် နောက်နေ့ မစားရတော့ အာဟာရပြည်ဝမှု မရှိပါဘူး” ဟု စစ်တွေမြို့နယ်မှ ကျော်တော်မြို့နယ်တွင် စစ်ဘေးရှောင်နေသည့် ဒေါ်အေးလှနုက ပြောသည်။

စစ်ဘေးရှောင် ကလေးငယ်အများအပြားမှာ ထမင်းကို အသား၊ ငါးများဖြင့် မစားရသည့်အပြင် ဖြည့်စွက်အာဟာရ မုန့်ပဲသရေစာများလည်း မစားသောက်ရ၍ အာဟာရဓာတ်ချို့တဲ့မှုကို ခံစားနေကြရခြင်းဖြစ်သည်။

သံတွဲမြို့နယ်မှ စစ်ဘေးရှောင် ကလေးငယ်များမှာလည်း အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး အချို့မှာ ကျန်းမာရေး ချို့တဲ့မှုထိ ရှိလာသည်ဟု လူမှုကူညီရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

“စစ်ဘေးရှောင်တွေ အများစုက ငါးတို့၊ အသားတို့လို တခြားဖြည့်စွက် အစားစာတွေ မကျွေးနိုင်တော့ ကလေးတွေက ပုံမှန်ထက် ကိုယ်ခံအား ကျပြီး ကျန်းမာရေးလည်း ချို့တဲ့လာတာ တွေ့ရတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာမျိုးလည်း ကျွေးဖို့ မတတ်နိုင်ကြဘူး။ တချို့ စစ်ဘေးရှောင် လသားအရွယ်တွေဆို မိခင်က နို့ လုံလောက်အောင် မတိုက်နိုင်သလို နို့မှုန့် ဝယ်ဖို့အတွက် မတတ်နိုင်တာတွေလည်း ရှိတယ်” ဟု လူမှုကူညီရေးလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်မှ စစ်ဘေးရှောင်များမှာ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များ ထောက်ပံ့မှု ရရှိသော်လည်း လုံလောက်မှုမရှိသဖြင့် စားဝတ်နေရေးအခက်ခဲများကို ရင်ဆိုင်နေရသည်ဟု ပြောဆိုကြသည်။

ထို့ကြောင့် စစ်ဘေးရှောင်စခန်းများမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသသောက်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများ ပေးကြရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသူ ဦးရေ ၅ သိန်းကျော် ရှိလာနေပြီး အများစုမှာ ကလေးသူငယ်နှင့် အမျိုးသမီးများဖြစ်သည်။

WFP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေရသူ (၄) သန်းကျော်ရှိပြီး ကလေးငယ် ၄ သိန်းနီးပါးမှာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ရင်ဆိုင်နေရကြောင်း သိရသည်။

DMG