ရခိုင်တောင်ပိုင်းတွင် စစ်တပ်က စစ်ရေယာဉ်များ ဖြန့်ကျက်ကာ စစ်ရေးလှုပ်ရှားမှုများလုပ်နေ

By MPM 1 စက်တင်ဘာ, 2026 👁 28

အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်ကို ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီဖက်မှတစ်ဆင့် ရခိုင်ပြည်တောင်ပိုင်းမြို့နယ်များကို မြေပြင်ထိုးစစ်များ၊ လေကြောင်းတိုက်ခိုက်မှုများအပြင် ရေကြောင်းလှုပ်ရှားမှုပါ ပြုလုပ်လာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ငပလီနှင့် ကျိန္တလီကမ်းခြေအနီးတွင် စစ်ရေယာဉ်များ အထိုင်ချထားပြီး ကမ်းခြေတစ်လျှောက် ကျေးရွာများကို ညဉ့်အချိန် ဒရုန်းနှင့် ကင်းထောက်မှုများရှိနေကြောင်း သိရသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဂွ၊ သံတွဲ ဖက်မှာ စစ်တပ်ဖက်က ငပလီနဲ့ ကျိန္တလီကမ်းခြေအနီးမှာ စစ်နေဗီ အနည်းဆုံး ၆ စီးလောက်ရှိတယ်။ တိုက်ခိုက်ရေး နေဗီတွေ၊ စစ်ဖက်ဆိုင်ရာ အထောက်ကူ ပြုတဲ့ နေဗီတွေ ပါတယ်။ နောက်တစ်ဖက်က ဂွ- ငသိုင်းချောင်း လမ်းပိုင်းမှာလည်း ဧရာဝတီ၊ ရည်ကြည်ဖက်က ထိုးစစ်ဆင်မဲ့အနေထားတွေ ရှိတယ်။ ညအချိန်တွေမှာဆိုရင် စစ်တပ်ဖက်က နေ့တိုင်းလိုလို ဒရုန်းတွေနဲ့ ကမ်းခြေတစ်လျှောက် ရွာတွေ၊ ရေကြည်နဲ့ အစပ်ကရွာတွေကို ကင်းထောက်တာမျိုးတွေ ရှိတယ်” ဟု ပြောသည်။

ဂွ၊ သံတွဲမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က ဇူလိုင်မှ စ၍ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် လုပ်နေပြီး စစ်ရေးအရဖိအားပေးနေသည်။

အာဏာသိမ်းစစ်တပ်သည် ရခိုင်တောင်ပိုင်းကို ဧရာဝတီတိုင်းကနေတစ်ဆင့် ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေသည့်အပြင် လက်ရှိတွင် ပင်လယ်ပြင်ကနေတစ်ဆင့် ချဉ်းကပ်နိုင်ရေး ကြိုးပမ်းလာနေခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ဧရာဝတီတိုင်း၊ ရွှေသောင်ယံဖက်တွင် တပ်မ ၁၀၁ စစ်ကြောင်းမှာ ဝက်သေကျေးရွာဖက်သို့ စစ်ကြောင်းထိုးဝင်ရောက်မှုများ ရှိနေကြောင်း မြေပြင်စစ်ရေးအခြေအနေ သိရှိသူများက ဆိုသည်။

“ရခိုင်တောင်ပိုင်း ဂွမြို့နယ်ဖက်ကို စစ်တပ် စစ်ကြောင်းတွေက တစ်ဖြည်းဖြည်းချင်း ချဉ်းကပ်လာတဲ့ အနေထားမှာ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ပြီးမှ ချဉ်းကပ်ဖို့ ကြိုးစားနိုင်သလို ကျန်တဲ့ တောင်ကုတ်၊ သံတွဲမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် လုပ်လာနိုင်တဲ့ အခြေနေရှိတယ်။ အဲဒီတော့ ဂွမြို့နယ်အစပ်မှာ စစ်တပ်ဖက်က ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေကြောင့် မြေပြင်ထိတွေ့မှုတွေ အပြင်းထန်ဆုံး ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

လက်ရှိ အာဏာသိမ်းစစ်တပ်၏ လေကြောင်း၊ ရေကြောင်းလှုပ်ရှားလာမှုကြောင့် ဂွ၊ သံတွဲ၊ တောင်ကုတ်မြို့နယ်တို့တွင် အာရက္ခတပ်တော်က ည ၁၁ နာရီကနေ နံနက် ၅ နာရီအထိ သွားလာလှုပ်ရှားမှု မပြုလုပ်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းများ ရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်ကို ပြန်ထိန်းချုပ်နိုင်ရေး မနားတမ်းကြိုးပမ်းနေပြီး မြေပြင်၊ လေကြောင်း၊ ရေကြောင်းကို အသုံးပြုကာ အင်အားအလွန်အကျွံဖြင့် တိုက်ခိုက်နေသည်။

DMG