မွန်ပြည်နယ်အတွင်း အကျဉ်းသား ၂၀၀ ကျော်ပြန်လွှတ်သော်လည်း နိုင်ငံရေးအကျဥ်းသားများ မပါဝင်ဟုဆို

0
416

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အလုပ်စခန်းများမှ အကျဉ်းသား၊ အကျဥ်းသူပေါင်း ၂၂၄ ဦး ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသားများမပါဝင်ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၈ ဦးနှင့် အကျဉ်းသူ ၃ ဦး၊ မော်လမြိုင်အကျဥ်းထောင်မှ အကျဉ်းသား ၁၆ ဦးနှင့် အကျဉ်းသူ ၁ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၂၅ ဦး ပါဝင်သည်။

၎င်းပြင် အင်္ဂဘို ရော်ဘာစိုက်/မွေးစခန်းမှ အကျဉ်းသား ၃၀ ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၂၁ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၃၂ ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၂၄ ဦး၊ မာလာဖူး ကုန်ထုတ်စခန်းမှ အကျဉ်းသား ၅ ဦး၊ မုပ္ပလင် (အမျိုးသား) ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၇ ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အကျဉ်းသူ ၁၈ ဦးနှင့် တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၄ ဦး ပြန်လည်လွတ်မြောက်လာ‌ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာကြသူများတွင် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားရပြီး၊ အမှုရင်ဆိုင်နေရသူများ၊ ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားများ ပါဝင်လာခြင်းမရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျိုက်မရောအကျဉ်းထောင်က လွတ်မြောက်လာသူ‌တွေထဲမှာ ပုဒ်မ ၅၀၅ သမားတွေ မပါလာဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝှမ်း အကျဉ်းချခံထားရသော အကျဉ်းသား ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း စစ်ကောင်စီက မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ယနေ့ ဧပြီ ၁၇ ရက်နေတွင် ထုတ်ပြန်ခဲ့သည်။

လွတ်မြောက်လာသူများသည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၂၁၃၄၈ ဦးရှိပြီး ၎င်းထဲတွင် ၁၇၄၆၀ ဦး ထိန်းသိမ်းခံနေရဆဲဟု ထုတ်ပြန်ထားသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here