မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် မေလတစ်လအတွင်း အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့သည်ဟု လဂွန်းအိမ်စာစဉ် မွန်ဒေသလူ့အခွင့်အရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအပြင် ထိုသို့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၅ ဦး အပါအဝင် အရပ်သားပြည်သူ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သားနေအိမ်အလုံး ၅၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်းနှင့် ထိုအထဲတွင် သထုံမြို့နယ်သည် အများဆုံး ဖြစ်သည်ဟု ဆိုသည်။
မွန်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေသည် ယခုနှစ်၌ ဆိုးဆိုးရွားရွားဖြစ်လာပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေကို ဆိုးရွားစေသော အဓိက အကြောင်းရင်းတရပ် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။
လဂွန်းအိမ်အစီရင်ခံစာ ထုတ်ဝေသည့် ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က လက်နက်ကြီးကြောင့် မွန်ပြည်သူများမှာ စိုးရိမ်ပူပန်မှုနှင့် သွားလာနေထိုင် အိပ်စက်နေရတယ်လို့ ပြောသည်။
NRFF တာဝန်ခံ မင်းသံလွင်က “ပြည်သူတွေအနေနဲ့ အသက်အိုးအိမ်တွေ ဘယ်လောက်အထိ ခြိမ်းခြောက် ခံနေရလဲဆိုရင် ကိုယ့်အိမ်မှာကိုယ်နေရင်းနဲ့တောင် အချိန်မရွေး လက်နက်ကြီးက ပြုတ်ကျနိုင်တယ်။ ခြံထဲ သွားနေရင်း လမ်းသွားနေရင်းနဲ့လည်း လက်နက်ကြီးက အချိန်မရွေး ကိုယ့်ရဲ့ခေါင်းပေါ် ဘေးနားအနီးအနား ပြုတ်ကျနိုင်တဲ့ အနေအထားမျိုး ဖြစ်လာတာပေါ့” ဟု ပြောသည်။
ဆက်လက်ပြီး မင်းသံလွင်က “ကျွန်တော်တို့ မွန်မြောက်ပိုင်းရော တောင်ပိုင်းမှာရော၊ ဆိုတော့ ပြည်သူတွေက လက်ရှိမှာ ဘယ်အချိန်ကိုယ့်ဆီ လက်နက်ကြီးရောက်လာမလဲ ကိုယ့်မိသားစုဝင်တွေဆီကို လက်နက်ကြီး ရောက်လာမလဲ။ အမြဲတမ်း စိုးရိမ်ပူပန်မှုနဲ့ သွားလာနေထိုင် အိပ်စက်ရတယ်” ဟု ဆိုသည်။
စစ်ရေးပြင်းထန်သော မြို့ နယ်များဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောနှင့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရသည့် ရေးမြို့နယ်က ဒေသခံပြည်သူများမှာ စစ်ကောင်စီ၏ လက်နက်ကြီးခြိမ်းခြောက်မှုဒဏ်ကို ပိုခံစားနေရသည်ဟု အစီရင်ခံစာက ဆိုပါသည်။
စစ်ရေးပဋိပက္ခ ပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီ၏ လက်နက်ကြီးခြိမ်းခြောက်မှုက လူ့အခွင့်အရေးချိုးဖောက်မှုကို ဆိုးရွားစေသည့်အပြင် တဘက်တွင်လည်း ပြည်သူတို့၏ အိုးအိမ်စည်းစိမ်များအပေါ် ကြီးမားသောရိုက်ခတ်မှု ဖြစ်ပေါ်စေသည်ဟု ဆိုသည်။
လဂွန်းအိမ်အစီရင်ခံစာ အချက်အလက်များအရ မတ်လနှင့် ဧပြီလ အတွင်း စစ်ကောင်စီတပ်က အများပြည်သူ သွားလာရာနေရာနှင့် ကျေးရွာများအတွင်း လက်နက်ကြီးနှင့် အကြိမ် ၇၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်မှုကြောင့် မွန်ပြည်နယ်တွင် အရပ်သားနေအိမ် အလုံးပေါင်း ၄၆၀ ကျော် ထိခိုက်ပျက်စီး ပြာကျစေခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်ရေးအရ အရေးနိမ့်လာချိန်တွင် အရပ်သားပြည်သူများကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာ၊ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များကို ခိုးယူလုယက်တာ၊ ဖျက်ဆီးတာ စသည့် အကြမ်းဖက် လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည်ဟု လဂွန်းအိမ် အစီရင်ခံစာက ဖော်ပြထားပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။