မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင် အဆောင်များတည်ဆောက်ရန်နှင့် စားနပ်ရိက္ခာများ အမြန်လိုအပ်နေ

By MPM 17 မေ, 2023 👁

မေလ ၁၄ ရက် နေ့လယ်ပိုင်းက ရခိုင်ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်သွားသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း (၂) ခုတွင် နေအိမ်အဆောင် ၁၀၀ ကျော် ပျက်စီးမှုရှိခဲ့ပြီး လက်ရှိတွင် အဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရန်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ပျက်စီးသွားသည့် စစ်ဘေးရှောင်များမှာ မြောက်ဦးမြို့ရှိ လက်ကောက်ဈေးနှင် မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတို့ ဖြစ်ကြသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းများအနက် လက်ကောက်ဈေးစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ စုစုပေါင်း ၈၈ ဆောင် ထိခိုက်ပျက်စီးသွားသည့်အတွက် စစ်ဘေးရှောင်များမှာ အလွန်တရာအခက်အခဲ ဖြစ်နေကြသည်ဟု လက်ကောက်စျေး စခန်းတာဝန်ခံ ဦးကျော်မင်းက နိရဉ္စရာကိုပြောသည်။

“လောလောဆယ်ကတော့ လက်ကောက်ဈေးဓမ္မာရုံမှာ နေပါတယ်။ စားရေးသောက်ရေး အတွက်ကလည်း ရိက္ခာကမရှိတော့ပါဘူး။ အဆင်ပြေသလို စားနေရတယ်။ အခက်အခဲက အမိုးအကာအတွက်လည်း ပြင်ဆင်ဖို့ အခက်အခဲဖြစ်နေပါတယ်” ဟု ပြောသည်။

လက်ကောက်ဈေး စစ်ဘေးရှောင်စခန်းတွင် ကျေးရွာ ၆ရွာမှ စုစုပေါင်း အိမ်ထောင်စု ၁၅၉ စုရှိပြီး လူဦးရေ ၆၃၉ ဦးခိုလှုံနေကြောင်း၊ ၎င်းတို့မှာ မြောက်ဦးမြို့နယ်မှ အုတ်ဖိုကန်၊ပေါက်တောပြင်၊ ဝေသာလီ၊ ရွာဟောင်းတော၊ သရက်အုပ်နှင့်မင်းပြားမြို့နယ်တို့မှ ပန်းမြောင်းတို့ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။

အလားတူ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင်လည်း မုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် အိမ်ခြေ ၄၀ ကျော် ပျက်စီးသွားကြောင်း စစ်ဘေးရှောင် စခန်း ကျန်းမာရေးနှင့် ပညာရေးတာဝန်ခံ ဦးဝင်းနိုင်က နိရဉ္စရာကိုပြောသည်။

“လူတွေကတော့ ထိခိုက်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ လက်ရှိ ရိက္ခာတွေပြတ်ပြီး ငတ်မွတ်လုနီးပါး ဒဏ်ကို ခံစားနေရပါတယ်။ စားစရာမရှိ၊ နေစရာမရှိဖြစ်နေပါတယ်။ ရှိတဲ့ရိက္ခာဆန်တွေလည်း မိုးစိုသွားပါတယ်။ မိုးစိုသွားတော့ သုံးလို့ရတာတွေလည်း ရှိတယ်။ မရတာတွေလည်းရှိတယ်။ အချင်းချင်းအကြား ရှိတဲ့သူက မရှိတဲ့သူချေးငှား၊ အဲသလိုမျိုး လှည့်ပြန်ပြီးစားနေကြတာပေါ့” ဟုပြောသည်။

အဆိုပါစခန်းမှ စစ်ဘေးရှောင်မှာ တခြားရှောင်ပြေးမည့် နေရာများမရှိသည့်အတွက်ကြောင့် မိမိတို့စခန်းတွင် အဆင်ပြေသလို ခိုကပ်၍နေကြရသည်ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် စုစုပေါင်း လူဦးရေ စုစုပေါင်း ၇၉၆ ဦးခိုလှုံနေထိုင်ကြပြီး၊ အိမ်ထောင်စုဝင် ၁၉၀ စုခန့်ရှိကာ ထိုအထဲမှ မိသားစုဝင် ၃၀ ခန့်မှာ နေအိမ်မရှိဘဲ ခိုကပ်နေထိုင်ရသည်ဟုလည်း သိရသည်။

ထို့အတူ မြောက်ဦးမြို့နယ် တိန်ညိုစစ်ဘေးရှောင်စခန်းမှာလည်း လုံး၀ပြိုပျက်သွားပြီး မနက်ဖြန်တစ်ရက်အတွက်သာ ရိက္ခာကျန်ရှိတော့သဖြင့် အရေးပေါ် သောက်ရေသန့်နှင့် စားနပ်ရိက္ခာများ အဓိကလိုအပ်နေသည်ဟု တိန်ညို စခန်းတာဝန်ခံ ဦးကျော်မြင့်က ပြောသည်။

“ လက်ရှိအဆင်ပြေသလို ရှိတဲ့သူရှိ၊ မရှိတဲ့သူမရှိ ဝေငှပြီးစားနေကြပါတယ်။ ဒီနေ့တစ်ရက်၊ မနက်ဖြန်တစ်ရက်ဆို ရှိတော့မယ်မထင်ပါဘူး။ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။

၎င်းတိန်ညိုစစ်ဘေးရှောင်စခန်းသည် အိမ်ထောင်စု (၇၇၃) စု ၊ လူဦးရေ (၂၈၆၄) ဦး ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည်။

ယင်းအပြင် တိန်ညိုကျေးရွာအတွင်းမှ နေအိမ်များမှာလည်း ပျက်စီးသွား၍ စစ်ဘေးရှောင်များနှင့် ကျေးရွာသားများမှာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရသည်ဟု သိရသည်။

ထို့ကြောင့် စားဝတ်နေရေးအလွန်အခက်အခဲဖြစ်နေ၍ ကူညီကယ်ဆယ်ရေးအမြန်လုပ်ဆုံး လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု တိန်ညိုကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် နေအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့် အပြင် ဘုရား၊စေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံ၊ဆေးခန်းများ၊စာသင်ကျောင်းများနှင့် စျေးများလည်းပျက်စီးခဲ့ရသဖြင့် စစ်ကောင်စီက ရခိုင်ပြည်နယ် ၁၇ မြို့စလုံးကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် စစ်ကောင်စီက ယနေ့ မေလ ၁၅ ရက်တွင် ကြေညာထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။