မြိုင်တွင် စစ်အုပ်စု စစ်ကြောင်းက ပြည်သူ ၄ ဦးကို သတ်ဖြတ်၊ ဒေသခံ ၁၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

By MPM 16 ဇူလိုင်, 2026 👁 52

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုက ပြည်သူလေးဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ စစ်ကြောင်းကြောင့် မြိုင်နယ်တောင်ခြမ်းရှိ ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံ အနည်းဆုံး ၁၃,၀၀၀ ကျော်လည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း အညာမြေအရပ်ဘက် လူမှုအဖွဲ့အစည်း – မြိုင်ထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် မြိုင်မြို့နယ် ကန်နက်ကျေးရွာမှ ပြည်သူ နှစ်ဦး၊ မြင်းကိုးသစ်ကျေးရွာမှ ပြည်သူ တဦးနှင့် ကိုင်းတောမကျေးရွာမှ ပြည်သူ တဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူတဦးက ယနေ့ (ဇူလိုင် ၁၅) မဇ္ဈိမကို ပြောသည်။

သတ်ဖြတ်ခံရသူများသည် အသက် ၅၀ ကျော်နှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားများဖြစ်ကြောင်း သိရသည်။

ကန်နက်ကျေးရွာမှ ပြည်သူနှစ်ဦးကို စစ်အုပ်စုက ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ပြီး အလောင်းများကို မြေဖို့ ဖျောက်ဖျက်ထားခဲ့ကြောင်း၊ ၎င်းတို့သည် တောထဲများတွင် စစ်ရှောင်နေရသည့် ပြည်သူများဖြစ်ပြီး တဦးမှာ နွားအုပ်မွေးပြီး နွားကျောင်းကာ အသက်မွေးဝမ်းကြောင်းပြုသူဖြစ်ကြောင်းလည်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် မြိုင်နယ်တောင်ခြမ်း တကြောလုံးကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းတွင် ကန်နက်ကျေးရွာနှင့် လက်ခုတ်ပင်ကျေးရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ယနေ့ (ဇူလိုင် ၁၅) နံနက်ပိုင်းတွင်လည်း ညောင်ကုန်း၊ ကိုင်းတောမနှင့် ထန်းငယ်တော စသည့်ကျေးရွာများမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြသည်။

အဆိုပါ မီးရှို့ခံရမှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ် အသေးစိတ်စာရင်း မသိရှိရသေးသော်လည်း စုစုပေါင်း နေအိမ် ၅၀ ခန့်မီးရှို့ဖျက်ဆီးခံရကြောင်း ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ မီးရှို့ခံရတဲ့သူတွေအတွက် အနေအထိုင်တွေ ပြန်ဆောက်ဖို့ရာတွေအတွက် တိုင်တွေ၊ သစ်တွေ ဝါးတွေလိုမယ်။ အရေးပေါ်စစ်ရှောင်နေရတဲ့ပြည်သူတွေအတွက် အစားအသောက်၊ အမိုးအကာ၊ ဆေးဝါး၊ သောက်ရေ အဲ့တာတွေက အဓိက လိုအပ်ချက်တွေဖြစ်လိမ့်မယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိ မြိုင်မြို့နယ်ထဲတွင်ထိုးနေသည့် စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာဘက်မှ မြိုင်မြို့နယ်ဘက်သို့ ရွေ့လာသည့် စစ်ကြောင်းဖြစ်ပြီး ခန့်မှန်းအင်အား ၇၀၀ ဝန်းကျင် ပါဝင်ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းနှင့် မြိုင်နယ်တောင်ပိုင်း စက်မှု ၂ တွင်ရှိသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတို့ပေါင်းပြီး လက်ရှိစစ်ကြောင်းထိုးနေခြင်းဟု ယူဆကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ ခန့်မှန်းအင်အား ၇၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ဇူလိုင် ၁၃ ရက်နေ့တွင် ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာမှ နေအိမ် ၅၄ လုံးနှင့် ထရန်စဖော်မာ တလုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်၏ အချက်အလက်များအရ သိရသည်။

လက်ရှိ ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းတွင်လည်း ကျေးရွာ ကိုးရွာမှ လူဦးရေ ၇,၀၀၀ ခန့် ယာယီစစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာအကူအညီများ များစွာလိုအပ်နေကြောင်း ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာနက ဇူလိုင် ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မဇ္ဈိမ