မြိတ်မြို့မှ ထားဝယ်သို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ် (စပိဘုတ်) တစီးကို ထားဝယ်မြစ်ဝ၌ လက်နက်ကိုင်အဖွဲ့တစုက အုပ်စုဖွဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်တဦးနှင့် အမျိုးသမီးတဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ဆင်ဖြူပြင်နှင့် ‘၄၁၄’ ဟုခေါ်သော နေရာအကြားတွင် အရပ်ဝတ်ဝတ်ဆင်ထားသည့် လက်နက်ကိုင် ၁၀ ဦးခန့်က ငါးဖမ်းလှေဖြင့် လာရောက်ကာ စပိဘုတ်၏ အင်ဂျင်ကို ရည်ရွယ်ချက်ရှိရှိ တရစပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အင်ဂျင်ပျက်စီးသွားသည့်အတွက် ခရီးသည်များမှာ ရေလယ်၌ အသက်အန္တရာယ်စိုးရိမ်စရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်ဟု မြိတ်-ထားဝယ် ရေလမ်းခရီးလမ်းကြောင်း လုပ်ငန်းရှင်တဦးက မဇ္ဈိမသို့ ပြောသည်။
“ထားဝယ်မြစ်ထဲကို စဝင်တာက ၁၀ နာရီ ၄၀ မိနစ်မှာ၊ ချောင်းဝကို ဝင်ပြီး ငါးမိနစ်လောက်အကြာမှာ ချောင်းထဲကိုဝင်ပြီးတာနဲ့ သေနတ်နဲ့ဝိုင်းပစ်တော့ ဝပ်နေကြရတာ။ သေနတ်ကလည်း အဓိက အင်ဂျင်ကိုပဲ ရည်ရွယ်ချက်ရှိရှိ တောက်လျှောက်ပစ်တာ။ အဲ့ဒီအချိန် သူက (ပဲ့နင်း) ထကြည့်လိုက်တော့ လက်နက်ကိုင်အဖွဲ့တွေ ၁၀ ဦးလောက်တဲ့ တရစပ်ကို ပစ်နေတာ” ဟု မြိတ်-ထားဝယ် ရေလမ်းခရီးလမ်းကြောင်း လုပ်ငန်းရှင်တဦးက ပြောသည်။
ထိုပစ်ခတ်ခံရမှုကြောင့် ပဲ့နင်း (လှေထိန်း) ပြင်းထန်ဒဏ်ရာရခဲ့ပြီး ကလေးငယ်တဦး၊ အမျိုးသမီးတဦးနှင့် အခြားအမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စပိဘုတ်အင်ဂျင် ပျက်စီးသွားသောကြောင့် စက်ရပ်နေခဲ့ပြီးမှ အကူအညီများရခဲ့၍ ကမ်းကပ်နိုင်ခဲ့ခြင်းဟု သိရသည်။
အမြန်ရေယာဉ် ပစ်ခတ်မှုအား မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပါ။
ထားဝယ်ဒေသခံများအကြား ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၂) လက်အောက်ခံအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဟု ပြောဆိုနေကြပြီး၊ မဇ္ဈိမအနေဖြင့် KNU တပ်မဟာ (၄) ခရိုင် တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်း၊ အသက် ၁၈ မှ ၃၅ နှစ်အတွင်း လူငယ်များမှာစစ် ကော်မရှင်တပ်၏ ငွေကြေးတောင်းခံခြင်းနှင့် ပေါ်တာဆွဲခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ် အစောပိုင်းကစ၍ ရေလမ်းမှ ခရီးသွားခြင်းကို ပြုလုပ်လာကြခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ပုလောမြို့နယ်တွင်း ပင်လယ်ပြင်၌ သံဃာတပါး အပါအဝင် အရပ်သားများ လိုက်ပါစီးနင်းလာသည့် ရေယာဉ်တစီး အလားတူ ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
မဇ္ဈိမ
