မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်ဒေသများအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

By MPM 28 မတ်, 2023 👁

ကရင်ပြည်နယ် မြဝတီမြို့၌ မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦးနှင့် အရပ်သား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း စစ်ကောင်စီဖက် က ထုတ်ပြန်ထားသော်လည်း မြေပြင်သတင်းများအရ စစ်ကောင်စီဖက်က အယောက် ၃၀ နီးပါး သေဆုံးခဲ့ကြောင်း သတင်းမီဒီယာတစ်ချို့တွင် ဖော်ပြထားချက်အရ သိရသည်။

မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်တွေ စခန်းချထားရာ မြဝတီမြို့ သင်္ဃန်းညီနောင်ရဲစခန်း၊ ကုန်သွယ်ရေးဇုန်နေရာတို့ကို KNU/KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆက်အသွယ်ပြတ်တောက်နေသည့် ရဲတပ်ဖွဲ့ဝင်များရှိကြောင်းလည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၇ ရက်နေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာ၌ ထုတ်ပြန်ထားသည်။

“ မြဝတီကုန်သွယ်ရေးဇုန်ရဲ့ အနောက်ဖက် မီတာ ၂၀၀ လောက်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ X-Rays စက်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်၊ ကုန်သွယ်ရေးဇုန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တယ်၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦး၊ အရပ်သား ၁ ဦးတို့ သေဆုံးခဲ့တယ်။ အဆက်အသွယ်ပြတ်တောက်နေတဲ့ တချို့သောရဲတပ်ဖွဲ့ဝင်တွေလည်း ရှိပါတယ်”

စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးသူ နှစ်ဆယ်ထက်မနည်းရှိကြောင်း၊ လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိထားသူတွေလည်းရှိကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရ သိရသည်။

KNU/KNLA စစ်ကြောင်းများဖက်ကလည်း ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

မတ်လ ၂၆ ရက်နေ့တွင်လည်း ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်များတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး အာရှလမ်းမကြီးတစ်လျှောက် ကားတွေပိတ်မိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

မတ်လ ၂၇ ရက် ယနေ့မနက်ပိုင်းအချိန်အထိ ကားများသွားလာလို့အသုံးပြုလို့မရသေးကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာကို ဒီကနေ့ ပြောသည်။

“ မြဝတီကနေ ကော့ကရိတ်အထိ သွားလို့မရသေးဘူး၊ သွားတဲ့ကားတွေလည်း အပစ်ခံရတယ်၊ မနေ့ကအထိ လေယာဉ်တွေနဲ့ လာပစ်နေကြတယ်၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ ဒီမနက်တော့ ပစ်ခတ်သံတွေ မကြားသေးဘူး”

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၂၅ ရက်ကစပြီး စစ်ရေးအခြေအနေရှုပ်ထွေးနေသည့်အတွက် မြဝတီနှင့် ကျုံဒိုးမြို့နယ်အကြား မည်သည့်နည်းလမ်းနှင့်မျှ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ဗိုလ်ကျော်သက် ဦး စီးသည့် ကျားဖြူစစ်ကြောင်းက သတိပေးကြေညာချက် ထုတ်ပြန်ထားသလို စစ်ကောင်စီဖက်ကလည်း အဲဒီဒေသကို (မာရှယ်လော) စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများနှင့်ပတ်သက်ပြီး KNU/KNLA ပူးပေါင်းတပ် စစ်ကြောင်းများမှ သတင်းထုတ်ပြန်တာ မရှိသေးပေ။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။