မြန်မာ – ရုရှား စစ်ရေးလေ့ကျင့်မှု မြေပြင်တိုက်ပွဲမှာ အလုပ်မဖြစ်နိုင်ဘူးလို့ CDM တပ်အသိုင်းအဝိုင်းပြော

By MPM 20 ဇူလိုင်, 2026 👁 86

အာဏာသိမ်း စစ်တပ်နဲ့ ရုရှားတို့ကြား ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲတွေမှာတော့ အလုပ်မဖြစ်နိုင်ဘူးလို့ CDM တပ်အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မြေပြင်ဆိုင်ရာ အတွေ့အကြုံတွေ ဖလှယ်ရေးအတွက် လေ့ကျင့်တဲ့ မြန်မာ – ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့တွေ စုပေါင်းလေ့ကျင့်ခန်း MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) ကို နေပြည်တော်‌ကောင်စီနယ်မြေ ဥတ္တရသီရိတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၊ လေ့ကျင့်ရေးနယ်မြေမှာ ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရုရှားတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးအပါအဝင် နှစ်ဘက်တပ်က တာဝန်ရှိသူတွေ တက်ရောက်ကြည့်ရှုခဲ့ကြတယ်လို့ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။

အဲဒီလေ့ကျင့်ခန်းအတွင်း Drone အဖွဲ့က ရန်သူ့နယ်မြေအတွင်း ကင်းထောက် Drone နဲ့ ကင်းထောက်တာ၊ စီးနင်းတိုက်ခိုက်ရေးအဖွဲ့တွေက ရဟတ်ယာဉ်နဲ့ ဆင်းသက်တာ၊ Sniper အဖွဲ့က ရန်သူ့အဖွဲ့ငယ်နေရာတွေကို စနိုက်ပါနဲ့ ပစ်ခတ်တာ၊ FPV၊ Heavy Drone တို့နဲ့ ကြိုတင်ချေမှုန်းခဲ့ကြတာပါ။

ဒီကနေ့ ခေတ်သစ်စစ်ပွဲတစ်ခုရဲ့ အသွင်သဏ္ဍန်ဖြစ်တဲ့ မျက်မှောက်ခေတ်စစ်မြေပြင်မှာ ရန်သူထိခိုက်ကျဆုံးမှုများပြားအောင် ထိရောက်စွာချေမှုန်းနိုင်တဲ့ Drone၊ FPV တွေရဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုတိုက်ပွဲဝင်ပုံကိုလည်း လေ့လာကြည့်ရှု ခွင့်ရရှိခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က အဲဒီလေ့ကျင့်မှုဟာ မြန်မာစစ်တပ် ရင်ဆိုင်နေရတဲ့ မြေပြင်အနေအထားနဲ့ မတူညီတဲ့အတွက် စစ်အင်္ဂါစဉ်အရ နိုင်ငံတကာကို ပြသလို့ရတဲ့ အဆင့်အတန်းတစ်ခုပဲရှိတယ်လို့ ထောက်ပြပါတယ်။

“စစ်အင်္ဂါစဉ်အတွက်တော့ လှပခမ်းနားသွားမယ်။ သို့သော် တကယ့်မြေပြင်မှာတော့ ဒီဟာက ဟန်ချက်မညီလိုက်တာနဲ့ သူတို့ရဲ့ Operation တစ်ခုလုံးက Mission Fail မှာပေါ့။ အခု လူသစ်စစ်သားတွေနဲ့ ဒီအဖွဲ့တွေ ပုံစံမျိုးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးရင် အထူးတပ်ဖွဲ့ဆိုတာလည်း နေပြည်တော် တဝိုက်လောက်မှာပဲ အလုပ်ဖြစ်တဲ့ တပ်ပေါ့။ အဲဒီတော့ တကယ့် မြေပြင် Battle ဆိုင်တဲ့ တိုက်ပွဲတွေမှာ အလုပ်ဖြစ်မယ့် အနေအထားမျိုး မဟုတ်ဘဲနဲ့ ရိုက်ကူးရေးဆန်တဲ့ နိုင်ငံတကာကို ပြလို့ရတဲ့ Global Power အတွက် အဆင့်အတန်းတစ်ခု တက်ဖို့အတွက် ရည်ရွယ်တာ။ အဲဒီအဆင့်လောက်ပဲ ရှိတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်ဗျ” လို့ ဆိုပါတယ်။

ရုရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးက မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့တွေ စုပေါင်းလေ့ကျင့်မှုတွေက နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတိုးတက်ဖို့ အခွင့်အလမ်းသစ်တွေကို ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားတာပါ။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း ဒီကနေ့ လေ့ကျင့်မှုဟာ ရန်သူ့တောင်ကုန်းကို တိုက်ခိုက်ချေမှုန်းတဲ့ တပ်ပါတိုက်စစ်လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ရန်သူအခြေပြုထားတဲ့ ပင်မတောင်ကုန်းနဲ့ ရန်သူတွေ ဖြန့်ခွဲတည်ရှိတဲ့ နေရာတွေကို မောင်းသူမဲ့လေယာဉ် UAV၊ Drone၊ Sniper တွေအသုံးပြုကာ အထူးတပ်ဖွဲ့တွေနဲ့ ချေမှုန်းတိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလေ့ကျင့်ခန်းမှာ မြန်မာ့တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံတွေကနေ ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ရုရှားတပ်မတော်က အသုံးပြုနေတဲ့ နည်းပညာမြင့်မားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပေါင်းစပ်ပြီး အသုံးပြုတိုက်ခိုက်ကြတာပါ။

တိုက်ပွဲဖြစ်ပွားမှုနဲ့အတူ စစ်ဆင်ရေးနယ်မြေအတွင်းက ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင်တွေကို ရန်သူ့ပစ်ခတ်မှုအောက်ကနေ ကယ်ထုတ်ဖို့အတွက် မောင်းသူမဲ့ Robotic သူနာတင်ယာဉ်နဲ့ အချိန်မဆိုင်းဘဲ လျင်မြန်စွာ ရွှေ့ပြောင်းသယ်ယူပုံကိုလည်း လေ့လာတွေ့မြင်ရတယ်လို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုခဲ့ပါတယ်။

ဒီလိုမျိုး လေ့ကျင့်မှုတွေဟာ နည်းပညာဖလှယ်တာနဲ့ ဒရုန်းအသုံးပြုမှုတွေမှာ စစ်တပ်အတွက် အကျိုးရှိနိုင်ပေမယ့် ပြည်တွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သည်တွေကို ကယ်ထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ CDM လေတပ် တပ်ကြပ်ကြီး ဇေယျက ထောက်ပြပါတယ်။

ဒါ့အပြင် ရုရှားတပ်မတော်နဲ့အတူ စစ်ရေးပူးတွဲလေ့ကျင့်မှုမှာ ပါဝင်နေကြတဲ့ မြန်မာစစ်တပ်ဘက်ကလူတွေဟာ လေ့ကျင့်‌ရေးအတွက်သာဖြစ်ပြီး ဘာစစ်ရေးအတွေ့အကြုံမှမရှိဘူးလို့ သူက အခုလိုရှင်းပြပါတယ်။

“ဒီကောင်တွေက စစ်တပ်ထဲမှာဆို စစ်မင်းသားတွေလို့ ခေါ်တယ်။ သူတို့က လေ့ကျင့်ရေးလုပ်တဲ့အချိန်မှာတော့ သူတို့တက်ခဲ့တဲ့ အိန္ဒိယတို့ ဘာတို့မှာ သွားပြီး အထူးအကြမ်းဖက်သင်တန်းတွေ တက်ခဲ့တဲ့ ပင်ပင်ပန်းပန်း လုပ်ခဲ့တာမှန်ပေမယ့် မြန်မာပြည် ပြန်ရောက်တဲ့အချိန်မှာ ပုံမှန်ထရိန်းနင်းပဲ ရှိပြီး ဘာစစ်ရေးအတွေ့အကြုံ ဘာမှမလုပ်ရတော့တဲ့ လူတွေ များတယ်။ လူကြီးဘေးနားမှာ စမတ်ကျကျ ဝတ်ပြီးတော့ လိုက်ပြီး သက်တော်စောင့်ပုံစံမျိုး နေရတဲ့ ကောင်တွေပေါ့။ အဲဒီလို‌ကောင်တွေကလည်း စစ်တပ်မှာ အများကြီးရှိတာမဟုတ်ဘူး။ သူတို့လူတွေအတွက်ပဲ အဓိကထားတာဖြစ်တဲ့အတွက် အဲဒီကောင်တွေကို သုံးပြီး ဝင်ကယ်တာတို့ ဘာတို့ဆိုတာတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့မှုကြောင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တိုက်ပွဲတွေကို နိုင်ငံအနှံ့ ရင်ဆိုင်နေရပြီး မဆုတ်တမ်းခံစစ်စခန်းတွေကနေ တိုင်းစစ်ဌာနချုပ်အထိ လက်လွှတ်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ရေးအရ အရေးနိမ့်တဲ့အခါ ရဟတ်ယာဉ်နဲ့ လာရောက်ကယ်ထုတ်ပေးဖို့ မြေပြင်ကတပ်ဖွဲ့ဝင်တွေ အကူအညီတောင်းပေမယ့် စစ်တပ်ဘက်က မလိုက်လျောနိုင်တဲ့အတွက် အလံဖြူပြ လက်နက်ချတဲ့ဖြစ်စဉ်တွေလည်း ဆက်ရှိနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းလုံး ချေမှုန်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရမိခဲ့ပါသေးတယ်။

လက်ရှိ TIGER-2026 လေ့ကျင့်မှုဟာ မြန်မာစစ်တပ်နဲ့ ရုရှားတပ်မတော် ကြည်းတပ်တို့ကြား ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခန်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နဲ့ ၂၀၂၃ ခုနှစ်မှာလည်း ရုရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေနဲ့ တခြားပြိုင်ပွဲတွေမှာလည်း အာဏာသိမ်း စစ်တပ်က ပူးတွဲပါဝင်ခဲ့တာပါ။

အဲဒီအတွေ့အကြုံတွေဟာ မြန်မာ့တပ်မတော်ရဲ့ Standard Army တည်ဆောက်ရေးအတွက် စွမ်းရည်မြှင့်တင်ရာမှာ အထောက်အကူများစွာဖြစ်စေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို သုံးလတာ ထမ်းဆောင်ပြီးတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြွားဝါထားပါတယ်။

သံလွင်တိုင်းမ်