မြန်မာ့ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း လုံခြုံရေးကောင်စီ၌ ဦးကျော်မိုးထွန်း ပြော

By MPM 23 ဇွန်, 2026 👁

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဇွန် ၁၈ ရက်က နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နှစ်စဉ် open debate (အဖွင့်ဆွေးနွေးပွဲ) တွင် မြန်မာနိုင်ငံအခြေအနေအကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝန်း ငြိမ်းချမ်းရေးညှိနှိုင်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများသည် ပျမ်းမျှအားဖြင့် ညှိနှိုင်းသူများ၏ ခုနစ်ရာခိုင်နှုန်းသာ ပါဝင်နိုင်ခဲ့ပြီး ညှိနှိုင်းရေးလမ်းကြောင်း ၁၀ ခုအနက် ကိုးခုနီးပါးတွင် အမျိုးသမီးညှိနှိုင်းသူ တဦးမှ မပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆွေးနွေးပွဲတွင် ဦးကျော်မိုးထွန်းက အမျိုးသမီးများ၏ ပဋိပက္ခကာကွယ်ရေး၊ ဖြေရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ၊ တန်းတူညီမျှ၊ အဓိပ္ပာယ်ရှိစွာနှင့် လုံခြုံစွာ ပါဝင်နိုင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆက်လက်ထောက်ခံကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ငါးနှစ်ကျော်ကြာ လူလုပ်ပဋိပက္ခအတွင်း ကျရောက်နေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများသည် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဘက်စုံအကျပ်အတည်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်အုပ်စု၏ မကြာသေးမီက နိုင်ငံရေးလှုပ်ရှားမှုများနှင့် အသွင်ပြောင်းပြုလုပ်ချက်များသည် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် တရားဝင်မှုရရှိရန် ကြိုးပမ်းနေသည့် ဟန်ပြလုပ်ရပ်များသာဖြစ်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောကြားသည်။

စစ်အုပ်စုသည် နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေများကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ၎င်းက ထောက်ပြသည်။

OCHA အပါအဝင် ယုံကြည်စိတ်ချရသော အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာရသူ ၃ ဒသမ ၆ သန်းကျော်ရှိပြီး လူဦးရေ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေကြောင်း၊ ထိုအထဲမှ ၁၆ ဒသမ ၂ သန်းမှာ အရေးပေါ်အကူအညီ လိုအပ်နေသူများဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ထိုအထဲတွင် အမျိုးသမီးနှင့် မိန်းကလေး ၁၀ ဒသမ ၄ သန်း၊ ကလေးသူငယ် ၆ ဒသမ ၃ သန်းကျော် ပါဝင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနှင့်ဆက်စပ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်လက်နက်တခုအဖြစ် စစ်တပ်(စစ်အုပ်စုတပ်)က အသုံးပြုနေကြောင်း၊ မုဒိန်းမှု၊ အုပ်စုဖွဲ့မုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှု ၉၀၀ ကျော် မှတ်တမ်းတင်ထားကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ တလတည်းတွင်ပင် အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့်ဖြစ်ကြောင်း၊ မိန်းကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အမျိုးသမီး ၆၆ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

ထို့အပြင် စစ်အုပ်စု၏ လူသားချင်းစာနာမှုအကူအညီ ပိတ်ဆို့မှုများနှင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို ပစ်မှတ်ထားဖျက်ဆီးမှုများကြောင့် ပဋိပက္ခဒေသများရှိ မိခင်ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲလာပြီး အမျိုးသမီးများနှင့် မိန်းကလေးများကို ပိုမိုထိခိုက်စေကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

သို့သော် မြန်မာအမျိုးသမီးများ၏ ဇာတ်ကြောင်းသည် သားကောင်အဖြစ်သာ မဟုတ်ဘဲ မယိုင်မလဲ ရပ်တည်နိုင်သည့် ကြံ့ခိုင်မှု၏ သက်သေဖြစ်ကြောင်း ၎င်းက ပြောသည်။

လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးများအတွက် လှုပ်ရှားနေသည့် မြန်မာအမျိုးသမီးများနှင့် မိန်းကလေးများသည် နောက်မဆုတ်ဘဲ ဒီမိုကရေစီတော်လှန်ရေး၏ ရှေ့တန်းအင်အားစုများအဖြစ် ရပ်တည်နေကြောင်း ၎င်းက ဆိုသည်။

အမျိုးသမီးများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ကျန်းမာရေးကွန်ရက်များ ဆက်လက်လည်ပတ်ရေး၊ နိုင်ငံရေးမဟာဗျူဟာရေးဆွဲရေး၊ လူမှုအသိုင်းအဝိုင်းအတွင်း ကြားဝင်ညှိနှိုင်းရေးနှင့် ကာကွယ်ရေးခေါင်းဆောင်မှု အခန်းကဏ္ဍများတွင် ပါဝင်နေကြောင်း ဦးကျော်မိုးထွန်းက ပြောကြားသည်။

NUG နှင့် မဟာမိတ်ဒီမိုကရေစီအင်အားစုများသည် အမျိုးသမီးများ၏ အခြေခံပြည်သူလူထုအဆင့် ကြံ့ခိုင်ရပ်တည်မှုကို ဖွဲ့စည်းတည်ဆောက်ထားသော အုပ်ချုပ်ရေးစနစ်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းက ဆိုသည်။

မကြာသေးမီက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ်အဖွဲ့အစည်းအသစ်များအတွင်း ကျား၊ မ တန်းတူညီမျှရေးကို ထည့်သွင်းဆောင်ရွက်နေကြောင်း၊ စစ်အုပ်စုကျူးလွန်သူများကို ကျား၊ မ အခြေပြုအကြမ်းဖက်မှုများအတွက် တရားစွဲနိုင်ရန် ကြားကာလတရားမျှတမှုစနစ်များကိုလည်း ပြင်ဆင်နေကြောင်း ၎င်းက ပြောကြားသည်။

ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ ရရှိထားသည့် လက်တွေ့တိုးတက်မှုများနှင့်အညီ ပိုမိုထိရောက်စွာ လှုပ်ရှားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ASEAN ၏ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုသည် ရည်မှန်းချက်ထားသည့် ရလဒ်များ မရရှိသေးကြောင်း၊ ဒေသတွင်းချဉ်းကပ်မှုကို ပြန်လည်ပြင်ဆင်ကာ အမျိုးသမီးများနှင့် တရားဝင်ဒီမိုကရေစီကိုယ်စားလှယ်များ၏ အသံများကို ဗဟိုပြုရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲများနှင့် ၎င်းတို့မှ ထွက်ပေါ်လာမည့် ရလဒ်များကို အသိအမှတ်မပြုရန်၊ NUG နှင့် SCEF တို့နှင့် ဘက်ပေါင်းစုံ ထိတွေ့ဆက်ဆံမှုများကို ပိုမိုအားကောင်းစေရန်၊ ASEAN အနေဖြင့် SCEF နှင့် အမျိုးသမီးဦးဆောင်သည့် အရပ်ဘက်အဖွဲ့အစည်းကွန်ရက်များနှင့် အဓိပ္ပာယ်ရှိစွာ တိုင်ပင်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ထို့အပြင် စစ်အုပ်စု၏ ပိတ်ဆို့မှုများကို ကျော်လွှားကာ မြေပြင်တွင် လုပ်ဆောင်နေသည့် အမျိုးသမီးဦးဆောင်သော အရပ်ဘက်အဖွဲ့အစည်းများထံ သင့်လျော်လွယ်ကူသည့် တိုက်ရိုက်ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများ ပေးအပ်ရန်၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအတွက် စစ်တပ်ကျူးလွန်သူများကို တာဝန်ခံစေရန် နိုင်ငံတကာတရားစီရင်ရေးယန္တရားများကို ထောက်ခံရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၏ အနာဂတ်သည် စစ်အာဏာရှင်စနစ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပေါ်တွင် မူတည်နေကြောင်း ဦးကျော်မိုးထွန်းက ပြောကြားသည်။

မြေပြင်ရှိ မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိသည် ပဋိပက္ခမှ ရှင်သန်ကျော်လွှားသူများသာမက အနာဂတ်ငြိမ်းချမ်းရေးကို တည်ဆောက်မည့် ဗိသုကာများဖြစ်ကြောင်း ပြသနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

မဇ္ဈိမ