စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်စု စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ကိုးရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဘုတလင်မြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ထံမှ သိရသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများထဲတွင် ရွာသစ်ကလေး၊ နှောပင်ရိုး၊ ရွှေချောင်းလည်၊ သရက်တို၊ ထနောင်းကုန်း၊ ဇီးတော၊ မြို့ပေါ်နှင့် ပိုးကုန်း စသည့်ကျေးရွာများ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်းလည်း ဘုတလင်မြို့နယ်၊ လူသားစာနာတာဝန်ခံ ကိုဇင်မင်းသန်းက မဇ္ဈိမကို ပြောသည်။
“စားနပ်ရိက္ခာနဲ့ ဆေးဝါးပေါ့။ အဲ့တာကတော့ အခက်အခဲရှိတယ်။ ဆေးဝါးဆိုတာကတော့ သက်ကြီးရွယ်အိုတွေတို့ ကလေးသူငယ်တွေတို့ ဒါတွေရှိတော့ကျတော့ ရာသီဉတုအေးတဲ့ဒဏ်ကြောင့် ဖျားကြ၊ နာကြတာတွေရှိတယ်ပေါ့နော်။ ရိက္ခာနဲ့ အဲ့ဒီဆေးဝါးလိုအပ်တာပေါ့နော်” ဟု ဆိုသည်။
အင်အား ၃၀၀ ကျော်ပါ စစ်အုပ်စု စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဇီးတောတွင် အထိုင်ချကာ ရွာသစ်ကလေး၊ မြို့ပေါ်နှင့် ထနောင်းကုန်း စသည့်ကျေးရွာများဘက် စစ်ကြောင်း သုံးကြောင်း ခွဲထွက်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
နိုဝင်ဘာ ၂၃ ရက်နေ့တွင်လည်း ဘုတလင်မြို့နယ်၊ ထနောင်းကုန်းရွာမှထွက်လာသည့် စစ်အုပ်စု စစ်ကြောင်းသည် ပိုးကုန်းဖောက်လမ်းအနီး ရောက်ရှိချိန် လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း Budalin Mobile Team – BMT ကလည်း ထုတ်ပြန်ထားသည်။
စစ်အုပ်စုသည် ဘုတလင်မြို့နယ်အတွင်း ယခု စစ်ကြောင်းထိုးမှုများ မပြုလုပ်ခင် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဆူဆိုက်ဒရုန်းများ ၊ ဂျိုင်ရိုကော်ပတာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း အောက်တိုဘာ ၁၂ ရက်နေ့ နှုံးတန်းရွာဆိပ်ကမ်း ဂျိုင်ရိုကော်ပတာဖြင့် တိုက်ခိုက်ခံရမှုတွင် ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး၊ အောက်တိုဘာ ၂၀ ရက်နေ့ ကွမ်းခြံကျေးရွာ တိုက်ခိုက်ခံရမှုတွင်လည်း ဒေသခံအမျိုးသမီး ခြောက်ဦး သေဆုံးခဲ့သည်။
မဇ္ဈိမ