6 ဇွန် 2026 /

See today's Peace Related News

Homeသတင်းမြန်မာစစ်အုပ်စု၏ ကိုယ်တိုင်ရေးအစီရင်ခံစာများအပေါ် ICJ အနေဖြင့် အထူးသတိထား ဆုံးဖြတ်ရန် ဂမ်ဘီယာရှေ့နေ သတိပေး

မြန်မာစစ်အုပ်စု၏ ကိုယ်တိုင်ရေးအစီရင်ခံစာများအပေါ် ICJ အနေဖြင့် အထူးသတိထား ဆုံးဖြတ်ရန် ဂမ်ဘီယာရှေ့နေ သတိပေး

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာတရားရုံး (ICJ) တွင် ပြုလုပ်သည့် ကြားနာပွဲ၌ ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေ Mr. Paul Reichler က မြန်မာစစ်ကော်မရှင်တပ်၏ လုပ်ရပ်များသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ခိုင်လုံသောအထောက်အထားများ၊ သက်သေထွက်ဆိုချက်များဖြင့် တင်ပြလျှောက်လဲခဲ့သည်။

Reichler က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) မှ ရရှိထားသည့် သက်သေ ၄၂ ဦး၏ ထွက်ဆိုချက်များသည် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ၏ အစီရင်ခံစာပါ အချက်အလက်များကို ပိုမိုခိုင်မာစေကြောင်း ထောက်ပြခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ချွတ်ပြင်ကျေးရွာကဲ့သို့သော နေရာများတွင် စစ်တပ်က အရပ်သားများကို ဝိုင်းရံပိတ်ဆို့ကာ “အိမ်တိုင်းကို မီးရှို့ရန်” အမိန့်ပေးခဲ့မှု၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့မှုများကို Reichler က ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြခဲ့သည်။

ထို့ပြင် ဂမ်ဘီယာရှေ့နေက ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို တရားရုံးတွင် တင်ပြရာ၌ ယခင်က မြန်မာရှေ့နေများ၏ ဝေဖန်မှုများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် သက်သေအမည်များကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသမီးများအပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုများသည် ရိုဟင်ဂျာလူထုအား ၎င်းတို့၏ နေရပ်စွန့်ခွာသွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်တပ်၏ လုပ်ရပ်များသည် ရိုဟင်ဂျာလူမျိုးစုကို နိုင်ငံပြင်ပသို့ နှင်ထုတ်ရုံသာမကဘဲ လူမျိုးစုတစုလုံးကို အမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း လျှောက်လဲခဲ့သည်။

အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ၏ တွေ့ရှိချက်များသည် တဖွဲ့တည်း၏ တွေ့ရှိချက်မဟုတ်ဘဲ US State Department၊ PILPG၊ Fortify Rights၊ Physicians for Human Rights (PHR)၊ OHCHR၊ Amnesty International၊ International Crisis Group နှင့် Save the Children စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုရလဒ်များနှင့်လည်း ထပ်တူကျနေကြောင်း Reichler က တင်ပြသည်။

အဆိုပါအဖွဲ့အစည်းအားလုံးသည် သီးခြားစီ စုံစမ်းစစ်ဆေးခဲ့ကြသော်လည်း ရလဒ်မှာ တူညီသော ကောက်ချက်ကိုသာ ညွှန်ပြနေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

မြန်မာဘက်က ARSA အဖွဲ့ကို နှိမ်နင်းခြင်းဖြစ်သည်ဟု ခုခံချေပသော်လည်း တကယ်တမ်းတွင် စစ်တပ်၏ တုံ့ပြန်မှုသည် လူထုတရပ်လုံးကို ပစ်မှတ်ထားခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မြန်မာဘက်မှ ရှေ့နေများ၏ လျှောက်လဲချက်သည် စစ်တပ်၏ ကိုယ်ပိုင်အစီရင်ခံစာများ၊ စစ်တပ်အရာရှိများ၏ ထွက်ဆိုချက်များနှင့် စစ်တပ်ထိန်းချုပ်ထားသော မီဒီယာများ၏ ဖော်ပြချက်များကိုသာ ကိုးကားထားသဖြင့် ခိုင်လုံမှုမရှိကြောင်း Paul Reichler က ဝေဖန်ခဲ့သည်။

အဆိုပါ အချက်အလက်များသည် စစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် တရားရုံးအနေဖြင့် ဆုံးဖြတ်ချက်ချရာတွင် အထူးသတိထား သုံးသပ်ရန်လိုအပ်ကြောင်း Paul Reichler က တိုက်တွန်းလျှောက်လဲခဲ့သည်။

မဇ္ဈိမ