မြန်မာစစ်ကော်မရှင် စီးပွားဖက်များနှင့် မိတ်ဖွဲ့ဆက်ဆံသည့် အမေရိကန်သံရုံးအကြီးအကဲ ဝေဖန်ခံရ

By MPM 25 မတ်, 2026 👁 1

ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် Yangon International Mobility Show ကားပြပွဲသို့သွားတက်ပြီး မြန်မာစစ်ကော်မရှင် စီးပွားဖက်များနှင့် မိတ်ဖွဲ့ဆက်ဆံသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆောန်နစ်ခ်သည် မြန်မာပြည်သူများ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်သံရုံး၏ ယနေ့ (မတ်လ ၂၄ ရက်) ထုတ်ပြန်ချက်တွင် Ford ကားကုမ္ပဏီအပါအဝင် အမေရိကန်စီးပွားရေးလုပ်ငန်းများကို အားပေးရန်နှင့် မြန်မာ့စျေးကွက်အတွင်း မျှတသော ယှဉ်ပြိုင်မှုရှိစေရန် ရည်ရွယ်၍ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်စာမျက်နှာများတွင် တော်လှန်ရေးဘက်တော်သားများနှင့် မြန်မာပြည်သူများက အမေရိကန်၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်မှုများ ပြုလုပ်လာကြခြင်း ဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို ကာကွယ်မည်ဟု ပြောဆိုထားသော်လည်း ယခုကဲ့သို့ စစ်ကော်မရှင်လက်အောက်ခံ စီးပွားရေးနယ်ပယ်တွင် ပါဝင်ပတ်သက်နေခြင်းမှာ မူဝါဒနှင့် လက်တွေ့ လွဲချော်နေသည်ဟု ဝေဖန်ကြသည်။

“အမေရိကန်နိုင်ငံရဲ့ စံတန်ဖိုးတွေကို အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားဖက်တွေနဲ့ လက်ဆွဲနှုတ်ဆက်ပြခြင်းနဲ့ ကျဆင်းစေပါတယ်။ အမေရိကန်သံရုံးအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့အကျိုးစီးပွားချင်း မဆက်ဆံသင့်ပါ” ဟု ဖေစ်ဘွတ်သုံးစွဲသူတဦးက ဝေဖန်ရေးသားခဲ့သည်။

အမေရိကန်အစိုးရသည် မြန်မာစစ်ကော်မရှင်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှု (Sanctions) အကြိမ်ကြိမ် ပြုလုပ်ထားသော်လည်း၊ ယခုကဲ့သို့ သံရုံးအကြီးအကဲကိုယ်တိုင် ကားပြပွဲသို့ သွားရောက်မှုမှာ စိတ်ပျက်စရာဖြစ်ရပ်တခုအဖြစ် ရှုမြင်ခံနေရသည်။

ကားလောက၏ ထိပ်တန်း Brand များ ပါဝင်သည့် Yangon International Mobility Show ကားပြပွဲကို ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) ၌ ပြီးခဲ့သည့် မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည်။

ဆောန်နစ်ခ် သည် အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် ယခုနှစ် ဇန်နဝါရီလလယ်တွင် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သံရုံး၏ နိုင်ငံရေးနှင့် စီးပွားရေးဌာနကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း အမေရိကန်သံရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မဇ္ဈိမ