မြစ်ခြေတွင် ပြည်သူ ၃ ဦးကို ဖမ်းဆီးပြီး ကြောင်ပန်းခုံရွာအား စစ်အုပ်စုတပ် မီးရှို့

By MPM 15 ဇွန်, 2026 👁

မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့် စိတ်ဝေဒါရှင် တဦးတို့ကို ဖမ်းဆီးထားပြီး၊ မြို့အနီးတွင်တည်ရှိသည့် ကြောင်ပန်းခုံကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်အုပ်စုတပ်ဖွဲ့သည် ယမန်နေ့ (ဇွန်လ ၁၄ ရက်) က ဒေသခံများကိုဖမ်းဆီးခဲ့တာဖြစ်ပြီး ကြောင်ပန်းခုံကျေးရွာကို ယနေ့ (ဇွန်လ ၁၅ ရက်) မနက်ပိုင်းတွင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ပြည်သူ နှစ်ဦးက ဘုန်းကြီးကျောင်းထဲမှာထားတဲ့ သူတို့ပစ္စည်းတွေ ပြန်ယူရင်း အဖမ်းခံရတာ၊ နောက်တဦးက စိတ်ဝေဒနာရှင် တယောက်ဗျ၊ စစ်ကြောင်းထိုးတိုင်း ရွာမှာကျန်နေခဲ့တာ” ဟု ဒေသခံတဦးက ပြောသည်။

ယင်းအပြင် စစ်အုပ်စုတပ်ဖွဲ့သည် မြစ်ခြေမြို့အနီးတွင်တည်ရှိသည့် ကြောင်ပန်းခုံကျေးရွာကိုလည်း ယနေ့မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတဦးက ပြောသည်။

“ပျက်စီးဆုံးရှုံးမှုက မသိရေသေးဘူး၊ ဒီမနက်မှ စစ်ကြောင်းဝင်တာဆိုတော့ သွားလည်းမကြည့်ရဲသေးဘူး” ဟု ဒေသခံတဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

စစ်အုပ်စုတပ်လက်အောက်ခံ မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၀ ရက်နေ့ မနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယင်းနေ့ ညပိုင်းတွင် မြစ်ခြေမြို့ တဖက်ကမ်း ပုဂံမြို့မှ စစ်အုပ်စုတပ် စစ်ကြောင်းက ပြန်လည်ဝင်ရောက်လာပြီးနောက် မြစ်ခြေမြို့တွင် ပြန်လည်တပ်စွဲကာ အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

မဇ္ဈိမ