မောတောင်ဒေသခံများ လေကြောင်းရန်ကြောင့် နေရပ်ပြန်ရန် ခက်ခဲနေ

By MPM 18 နိုဝင်ဘာ, 2025 👁 1

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်အုပ်စုတပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်နေ၍ နေရပ်ပြန်ရန် ခက်ခဲနေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့ကို ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သည့် ဒေသအခြေစိုက် တော်လှန်ရေးတပ်များက ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုနောက် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။

“မနေ့ (နိုင်ဝင်ဘာလ ၁၅ ရက်) မနက် (၈) နာရီဝန်းကျင်မှာ Y-12 လေယာဉ်လာတယ်။ ပြီးတော့ ဂျက်ဖိုက်တာတစ်စင်းလာတယ်။ နေ့လည်ပိုင်းမှာ ထက်လာတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ ဒေသခံထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒါပေမဲ့ သူတို့က ရုတ်တရက်ရှောင်လာကြတာဆိုတော့ ဘာမှလုံလုံလောက်လောက်မပါလာဘူး။ နေရပ် မပြန်ရဲကြဘူး” ဟု ၎င်းကပြောသည်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွါးပြီးနောက် စစ်အုပ်စုတပ်ဘက်က လေကြောင်းဖြင့် စစ်တပ်အင်အား ဖြည့်တင်းမှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှစတင်ပြီး အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးလျက်ရှိသော်လည်း ယနေ့ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန်ခွန်းကျေးရွာအုပ်စုတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှစ၍ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သိန်ခွန်း၊ သဲဖြူ၊ ချောင်းနှစ်ပေါက် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ စစ်ရှောင်နေရသည်။

ကေအိုင်စီ