မြိုင်မြို့နယ်တွင် စစ်အုပ်စုတပ် စစ်ကြောင်းများထိုးနေ၍ ဒေသခံ ၁၅,၀၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရ

By MPM 19 အောက်တိုဘာ, 2026 👁 43

မကွေးတိုင်း၊ မြိုင်မြို့နယ် ကမ္မမြို့ကို ပခုက္ကူမှ စစ်အုပ်စုတပ်သည် အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံ ၁၅,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း မြိုင်နယ် ဒေသခံများထံမှ သိရသည်။

ယနေ့ (အောက်တိုဘာ ၁၈ ရက်) မှစတင်ကာ ကမ္မမြို့အနီးရှိ ကျေးရွာများဘက်ကို စစ်အုပ်စုတပ်က စစ်ရေးလှုပ်ရှားမှုများ စတင်လာခြင်းကြောင့် ကြိုတင်စစ်ရှောင်နေရကြောင်း သိရသည်။

“စစ်အင်အားတွေ ထပ်ပြီးဖြည့်တင်းလာတဲ့အတွက် ရွာခံတွေကြိုပြီး စစ်ရှောင်နေတာပါ။ စစ်ကြောင်းတွေ ရှုပ်နေတာကြောင့် အလုပ်အကိုင်မရှိတာ အတော်ကြာနေပါပြီ။ ပြေးကြရတော့ စက်သုံးဆီဖိုးနဲ့ကို အတော်လေးကုန်ကျများနေတယ်” ဟု ဒေသခံ စစ်ရှောင်အမျိုးသားတဦးက ဆိုသည်။

စစ်အုပ်စုတပ်က မြိုင်မြို့နယ် တောင်ခြမ်းရှိ ကမ္မ၊ စက်မှု (၂) နှင့် မြိုင်နယ် အနောက်မြောက်ခြမ်းရှိ တဲကြီး (ရေနံမြေ) ကို စစ်ကြောင်းများခွဲကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း MVRF တပ်ဖွဲ့ ထံမှ သိရသည်။

“စစ်အုပ်စုတပ်က လက်လွှတ်လိုက်ရတဲ့ရေနံမြေတွေကို ပြန်ထိန်းချုပ်ချင်တဲ့သဘောပါ။ ပြန်ရဖို့ စစ်ကြောင်းတွေပြင်ပြီး လုပ်လာတော့လည်း ထင်သလိုဖြစ်မလာတော့ ရေနံတွင်းတွေအပါ၊ နေအိမ်တွေရော အကုန်ဖျက်ဆီးနေတဲ့သဘောပါ” ဟု MVRF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

မြိုင်မြို့နယ် အနောက်ခြမ်း တဲကြီး (ရေနံမြေ) ဘက်တွင် အထိုင်ချကာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသည့် စစ်အုပ်စုတပ်က နေအိမ် ၆၀၀ ခန့်ကို မီးရှို့ဖျက်ဆီးကာ ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်အုပ်စုတပ်က မြိုင်နယ်အတွင်းက ကျေးရွာများကို စစ်ကြောင်းထိုးလှုပ်ရှားမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများရန်ကြောင့် ကမ္မမြို့အနီးကျေးရွာများနှင့် တဲကြီးရွာအနီးရှိ ကျေးရွာများမှ ဒေသခံ ၁၅,၀၀၀ ကျော်နေရပ်စွန့်ခွာ စစ်ရှောင်နေရခြင်းဖြစ်သည်။

အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း စစ်အုပ်စုတပ်က မြိုင်နယ်နှင့် ပေါက်နယ်အစပ်ရှိ ရေနံမြေ ဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နေအိမ်များပျက်စီးကာ လူသေဆုံးမှုများ ရှိခဲ့သည်။

မဇ္စျိမ