ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ (၃)၊ မူး (မုန်း) မြို့နယ်အတွင်းရှိ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းက ကျေးရွာများတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံအများစု စစ်ဘေးရှောင်နေရကြောင်း ထိုနယ်မြေအတွင်းက သတင်းအရင်းအမြစ်များမှ သိရသည်။
ကေအဲန်ယူနယ်မြေ မူးမြို့နယ် (သို့မဟုတ်) တိုင်းဒေသကြီးသတ်မှတ်ချက်အရ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲတွင် ပါဝင်သည့် စစ်တောင်းအနောက်ခြမ်းရှိ မြနီကွင်း၊ ခင်နောက်မီး၊ ခင်ကြီး စသည့်ကျေးရွာများသို့ ယခု စက်တင်ဘာဒုတိယအပတ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုးဝင်လာခြင်းလည်း ဖြစ်သည်။
ဒေသခံအများစုစစ်ဘေးရှောင်နေရစဥ် စစ်အုပ်စုက နေအိမ်ပေါ်အထိ ဝင်ရောက်နေထိုင်ခြင်းနှင့် သူတစ်ပါးပိုင်ပစ္စည်းများကို ပိုင်ရှင်မရှိဘဲ ယူသုံးခြင်းတို့ လုပ်ဆောင်နေသည်ဟု ဒေသအုပ်ချုပ်မှုတာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။
“အများစုကတော့ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးကြပြီ။ သူတို့ (စစ်အုပ်စု) ကလည်း အိမ်ပေါက်စေ့လိုက် မွှေနောက်ရှာဖွေပြီး နေကြတယ်။ သူများအိမ်တွေပေါ်မှာ တက်နေကြတာပါ။ တံခါးတွေ ပျက်နေတာဆိုလည်း ပြန်ပြင်ပြီး နေနေကြတာ” ဟု ကေအဲန်ယူ ခလယ်လွီထူခရိုင်၏ တွဲဖက်အတွင်းရေးမှူး ပဒိုစောနဲထူးဗျိုင်းက ပြောသည်။
စစ်အုပ်စုစစ်ကြောင်းထိုးခြင်းအပြင် ကျေးရွာများသို့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ ဒေသခံများမှာ ဆွေမျိုး၊ နီးစပ်ရာနေအိမ်များမှ အိမ်မပြန်နိုင်ဘဲ ယနေ့ထက်ထိ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။
ထို့အတူ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ပိန်းဇလုပ်တွင်ရှိနေသည့် စစ်အုပ်စုတပ်ဖွဲ့နှင့် ရွာထဲတပ်ထိုင်နေသည့်စစ်အုပ်စုက အများပြည်သူသွားလာနေသည့် လမ်းအချို့ကို ပိတ်ပင်ထားသောကြောင့် သွားလာရေးအခက်အခဲတွေ့ရသည်ဟုလည်း ခလယ်လွီထူနေ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်း ဒေသခံအမျိုးသမီးက “ပိန်းဇလုပ်ဘက်မှာ အဓိက ပြီးတော့ သူတို့ တပ်စွဲထားတဲ့ နေရာတွေမှာ လမ်းတွေ ပိတ်ထားတာရယ် သွားရေးလာရေး ခက်ခဲတယ်။ ရွာသားတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ အိမ်မှာ လိုက်နေရတယ်။ တချို့ကတော့ မပြေးဘူး၊ ရွာထဲမှာပဲ နေနေကြတာလည်း ရှိတယ်” ဟု ကေအိုင်စီ ကို ပြောသည်။
စစ်တပ်စစ်ကြောင်းထိုးမဝင်ခင် ပြီးခဲ့သည့် နိုဝင်ဘာ (၁) ရက်နေ့ကလည်း ဖြူးမြို့နယ်အတွင်း အခြေစိုက်သည့် စစ်အုပ်စုတပ်ရင်းမှ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးပစ်ခတ်ခဲ့ရာ မြနီကွင်းရွာထဲ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး (၁) ဦးအပါအဝင် ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုက ဖော်ပြချက်အရ သိရသည်။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအနေဖြင့်မူ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေထဲရှိ စစ်တောင်းမြစ်အနောက်ဘက်နှင့် အရှေ့ဘက်နေရာများကို အပြည့်အဝစိုးမိုးနိုင်ရေး လုပ်ဆောင်နေခြင်းရှိသည်။
သို့ရာတွင် စစ်အုပ်စုသည် ယခုလိုမကြာခဏ စစ်ကြောင်းထိုးဝင်လာခြင်းအပြင် လက်နက်ကြီးနှင့်လေယာဥ်အသုံးပြု၍ ရွာများကိုတိုက်ခိုက်နေခြင်းကြောင့် အခက်တွေ့ရသည်ဟုလည်း ကေအဲန်ယူဘက်က ပြောဆိုထားသည်။
ကေအိုင်စီ