ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရ၍ ၁၂ ဦးသေဆုံး၊ ရခိုင်ရှိ တံတားများလည်း တိုက်ခိုက်ခံရဟု AA ထုတ်ပြန်

By MPM 16 နိုဝင်ဘာ, 2026 👁 87

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် စစ်ဘေးရှောင် ၁၂ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် အာရက္ခတပ်တော် (AA) ထံမှ သိရသည်။

AA ၏ နိုဝင်ဘာလ ၁၄ ရက် ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၃ ရက် ည ၇ နာရီခန့်တွင် အာဏာသိမ်းစစ်တပ် က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူနှင့် သရက်ချိုကျေးရွာကြားရှိ ဗျာလ စစ်ဘေးရှောင်စခန်းကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များ၏ နေထိုင်ရာအဆောက်အအုံများနှင့် အသုံးအဆောင်ပစ္စည်းများလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း AA က ဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က DMG ထံ ကနဦးရရှိထားသည့် သတင်းအချက်အလက်များတွင် စစ်ဘေးရှောင် အနည်းဆုံး ရှစ်ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း နောက်ပိုင်းတွင် သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရသူ ၁၈ ဦးအထိ တိုးလာခဲ့ခြင်းဖြစ်သည်။

ယင်းသေဆုံးဒဏ်ရာရရှိသူ အရေအတွက်များကို ဒေသခံကယ်ဆယ်ရေးလုပ်သားများကလည်း အတည်ပြု ပြောဆိုထားသည်။ ဗျာလစစ်ဘေးရှောင်စခန်းသည် တစ်လကျော်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရသည့်နေရာဖြစ်သည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်အုပ်စု စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် အဆိုပါစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ခြောက်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်များ၏ နေအိမ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ဘေးတွဲဆိုင်ကယ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်အတွင်းရှိ တံတားများနှင့် လူနေရပ်ကွက်များကိုလည်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ယင်းနေ့ နံနက် ၂ နာရီခန့်တွင် အဉ္ဇနပူရမြို့နယ်၊ စွန်ရဲကျေးရွာတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တံတား၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း AA က ဆိုသည်။

နံနက် ၁ နာရီ ၃၂ မိနစ်ခန့်တွင်လည်း ရမ်းဗြဲမြို့နယ်ရှိ သဇင်တန်ပေါက်တံတားနှင့် သံသမချေတံတားတို့ကို အာဏာသိမ်းစစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် နံနက် ၁ နာရီ ၄၀ မိနစ်နှင့် ၁၀ နာရီ ၁၂ မိနစ်ခန့်တို့တွင် အဆိုပါတံတားနှစ်စင်းကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။

အဆိုပါတံတားများ ပျက်စီးမှုကြောင့် ဒေသခံပြည်သူများ၏ သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး ထိခိုက်နေကြောင်း DMG ၏ သီးခြားသတင်းဖော်ပြချက်များတွင်လည်း တွေ့ရသည်။

အလားတူ နံနက် ၉ နာရီခွဲခန့်တွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို အာဏသိမ်းစစ်တပ်၏ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားနေအိမ် ခုနစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း AA က ထုတ်ပြန်သည်။

စစ်အုပ်စုစစ်တပ်သည် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လမ်းတံတားများနှင့် လူနေရပ်ကွက်များကို ဆက်တိုက်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း AA က စွပ်စွဲထားသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကို တားမြစ်ထားပြီး ယင်းကဲ့သို့ တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု မြောက်နိုင်သည်။

စစ်ဘေးရှောင်စခန်းများနှင့် လူနေဒေသများ တိုက်ခိုက်ခံရမှုများကြောင့် ဒေသခံများ၏ လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေသည့်အပြင် တံတားများ ပျက်စီးမှုကြောင့် သွားလာရေးအခက်အခဲများလည်း ပိုမိုကြုံတွေ့နေရသည်။

AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်နှင့် ပျက်စီးဆုံးရှုံးမှုအားလုံးကို DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

DMG