ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲကကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မင်းတပ် ဒေသခံတို့ထံမှ သိရသည်။
မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် – ၁ ထဲက ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့သက်သက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မင်းတပ်ဒေသခံတစ်ဦးက “အမှတ် ၁ ဘက်မှာရှိတဲ့ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။ သေဆုံးသူက ၃ ဦး၊ ၁၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိတယ်။ လောလောဆယ်က အကုန်အတည်မပြု နိုင်သေးတော့ အသေးစိတ်ဖြေဖို့ အဆင်မပြေသေးပါဘူး” ဟု ပြောသည်။
သေဆုံးသူများမှာ ၆ တန်းအရွယ်ကလေးငယ် ၁ ဦး၊ ကလေး၏အမေဖြစ်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် လူငယ်အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဗုံးဒဏ်ကြောင့် လူနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ပြီး တချို့အိမ်များမှာ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
မေလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစိုးရအဆောက်အဦးနှင့် ဒေသခံပြည်သူနေအိမ် စုစုပေါင်း ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု မင်းတပ်မြို့ ပအဖက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် အပစ်ရပ်ကာလ ထပ်မံသက်တမ်းတိုးထားသော်လည်း မေလ ၆ ရက်မှ ၁၅ ရက်အတွင်း ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတို့ကို နေ့စဉ်နီးပါး လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။
KMG ပေးပို့သည်။