ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ကလေးငယ်အများအပြားတွင် ယားနာနှင့် အရေပြားရောဂါများ အဖြစ်များနေပြီး တစ်လအတွင်း ၂၀၀ ကျော်အထိ ကုသနေရသည်ဟု မင်းတပ်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် Save Team မှ တာဝန်ရှိသူက ပြောသည်။
“အရေပြားနဲ့ ပတ်သက်တဲ့ အရေပြားရောဂါတွေပေါ့နော်။ အဲဒါတွေက လောလောဆယ်မှာ အဖြစ်များနေတယ်။ (လူနာ) တစ်ရာမှာ ၆၀ ရာခိုင်နှုန်းလောက် အဖြစ်များနေတယ်။ အဓိက ကလေးတွေမှာပေါ့နော်” ဟု Save Team မှ တာဝန်ရှိသူက ပြောသည်။
ယားနာနှင့် အရေပြားရောဂါ ဖြစ်ပွားမှုတွင် ၇၀ ရာခိုင်နှုန်းခန့်က ကလေးငယ်များတွင် တွေ့ရှိရပြီး ကျန် ၃၀ ရာခိုင်နှုန်းက လူကြီးနှင့် လူလတ်ပိုင်းတို့တွင် ရောဂါ ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။
Save Team အရပ်ဖက်ကျန်းမာရေးအဖွဲ့သည် မင်းတပ်မြို့နယ်မှ ကျေးရွာပေါင်း ၁၃ ရွာခန့်တွင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင် လူနာပေါင်း ၇၂၀ ခန့်ကို ကုသပေးခဲ့ရာမှာ လူနာ ၂၀၀ ကျော်က ယားနာနှင့် အရေပြားရောဂါများ ဖြစ်ပွားနေ၍ ကုသပေးခဲ့ရသည်ဟု တာဝန်ရှိများက ပြောသည်။
မင်းတပ်မြို့နယ်မှာ ယခုကဲ့သို့ ကလေးငယ်များ ယားနာနှင့် အရေပြားရောဂါ အဖြစ်များလာသည့် အခြေအနေနှင့် ပတ်သက်၍ Save Team တာ၀န်ရှိသူက အခုလိုဆက်ပြောသည်။
“မနှစ်က ကျန်းမာရေး ဟောပြောတာတို့ ပတ်ဝန်းကျင် သန့်ရှင်ရေးတို့၊ အိမ်သာသန့်ရှင်းတာတို့ များများ လုပ်နိုင်တော့ ထိန်းချုပ်နိုင်တယ်။ ဒီနှစ်က အဲဒါတွေလည်း လုပ်တယ်။ ကျောင်းကျန်းမာရေးဆိုလည်း တောက်လျှောက်သွားနေတာပဲ။ ဒါပေမဲ့ ဒီနှစ်ကတအားကြီး မကာကွယ်နိုင်ဘူး။ ကလေးမိဘတွေက တောင်ယာ လုပ်တာများတယ်။ ကလေးတွေကို ထိန်းကွပ်မှုနည်းတယ်။ ကလေးတွေ ကျောင်းတက်ချိန်ဆိုလည်း မိဘတွေက တောင်ယာမှာပဲ အနေများတယ်။ ကလေးအကြီးအငယ် အဲလိုပဲနေခဲ့တော့ ဖျားနာတွေလည်း ဖြစ်တယ်” ဟု Save Team တာ၀န်ရှိသူက ပြောပါသည်။
ယခု အောက်တိုဘာလထဲတွင်လည်း လူနာကြည့်ရှုကုသမှု၏ ၆၀ ရာခိုင်နှုန်းမှာ ယားနာနှင့် အရေပြား ရောဂါများ ဖြစ်ပွားနေပြီး ၎င်းဒေသများတွင် အရေပြားရောဂါများ ဖြစ်ပွားနေသည်မှာ ၃ လကျော် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။
တခြားလူနာများတွင် ရာသီတုတ်ကွေးက အများဆုံး ဖြစ်ပွားနေပြီး သွေးတိုး၊ ဆီချို လူနာများကိုလည်း တွေ့ရှိရသည်ဟု တာဝန်ရှိများ၏ ပြောဆိုမှုအရ သိရသည်။
မင်းတပ်မြို့နယ်အတွင်း ယခုကဲ့သို့ ရောဂါများ အဖြစ်များလာသည့်အတွက် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပိုမိုလိုအပ်နေပြီး တချို့နေရာများတွင် ကျန်းမာရေးဝန်ထမ်းရှိသော်လည်း ဆေးဝါးမရှိသည့်အတွက် ကုသပေးရန် ခက်ခဲနေသည်ဟု Save Team မှ တာဝန်ရှိသူက ပြောသည်။
“ကျန်းမာရေးအနေနဲ့ ပြောရရင်တော့ ဆေးဝါးက အဓိက ခက်ခဲတယ်။ တချို့နေရာတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေက ရှိတယ်။ ဆေးဝါးအလုံအလောက် မရှိတော့ လူရှိရဲ့သားနဲ့ ဘာမှ မလုပ်ပေးနိုင်တာလည်း တချို့နေရာတွေမှာ ရှိတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ဆေးဝါးများ သယ်ယူပို့ဆောင်ရာတွက် အခက်အခဲများစွာ ရှိနေပြီး ဆေးဝါးဈေးနှုန်းမှာလည်း တစ်လထက်တစ်လ ပိုမိုတက်လာနေ၍ အကူအညီများ လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
Save Team သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း မင်းတပ်မြို့နယ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဒေသအခြေပြု အရပ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
KMG ပေးပို့သည်။