ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြားနှစ်ဖက် စစ်ရေးတင်းမာနေတဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ပြောပါတယ်။
မချမ်းဘောမြို့နယ်အရှေ့ဘက် ထန်းဂါးကျေးရွာနဲ့ အင်ခါဂါးကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့အပတ်ကနေစပြီး စစ်ကြောင်းထိုးနေတာကြောင့် လက်ရှိနှစ်ဖက်စစ်ဆိုင်ထားတဲ့အခြေအနေမှာ ရှိနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကို ပြောပါတယ်။
“အဲ့ဘက်က စစ်ရေးတော်တော်လေးတင်းမှာနေတယ်ဗျ အချိန်မရွေး တိုက်ပွဲကဖြစ်နိုင်တယ် စကမ (စစ်ကော်မရှင်တပ်) တွေက ဒီဘက်ကို စစ်ကြောင်းဝင်နေတာ” လို့ သူက ပြောပါတယ်။
စစ်ကောင်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့နောက်ပိုင်းကစပြီး ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကနေတဆင့် မချမ်းဘောမြို့အထိုင်တပ်ထဲကို စစ်သည်နဲ့လက်နက်ခဲယမ်းတွေ ပို့ဆောင်ထားပြီးအဲ့ကနေတဆင့် ထန်ဂါးနဲ့ အင်ခါဂါးဘက်ကိုစစ်ကြောင်းထိုးနေတာလို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“မနက်ကလည်း ပူတာအိုဘက်ကနေ ကားနှစ်စီးအပြည့်နဲ့ ရောက်လာတယ် လက်နက်ခဲယမ်းတော့မပါဘူး၊ စစ်သားတော့အပြည့်ပါတယ် မချမ်းဘော့ကနေတဆင့် အင်ခါဂါးဘက်ကိုလှုပ်ရှားနေတာ တစ်ပတ်ကျော်ကျော်ရှိပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပူတာအို မချမ်းဘောလမ်းပိုင်းမှာရှိတဲ့ ထန်ဂါကျေးရွာဘက်ကိုကုန်ကြောင်းကနေ စစ်ရေးလှုပ်ရှားလာတာရှိသလို အင်ခါဂါးအောက်ဘက်ကိုမလိခမြစ်နဲ့ ရေကြောင်းသုံးစစ်ရေးလှုပ်ရှားတာတွေလည်းရှိနေတယ်လို့သိရပါတယ်။
ထန်ဂါးနဲ့အင်ခါဂါးဘက်အခုလိုစစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားမှုခပ်စိပ်စိပ်ရှိနေတာကြောင့် ဒေသခံတွေတိုက်ပွဲဖြစ်လာမှာကိုလည်းစိုးရိမ်နေရကြောင်းသိရပါတယ်။
“အခုသူတို့စစ်ရေးလှုပ်ရှားတဲ့ဟာကရွာနဲ့တော့နည်းနည်းဝေးတယ် ကျနော်တို့ (KIA) ဘက်ကလည်း ရွာတွေနဲ့ ဝေးနိုင်သလောက်တော့ ရှောင်ပါတယ်”လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာပြီးခဲ့တဲ့အပတ်က အင်ခါဂါးကျေးရွာအနီးထိတွေ့တိုက်ပွဲ ဖြစ်ပြီးနောက်အခုလိုစစ်ရေးလှုပ်ရှားမှုအရှိန်အဟုန်မြင့်လုပ်ဆောင်နေတာလို့သိရပါတယ်။
နောင်မွန်–ပူတာအို လမ်းပိုင်းမှာရှိတဲ့ ထန်ဂါးကျေးရွာအနီးမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက နှစ်ထက်ထိတွေ့တိုက်ပွဲဖြစ်ပြီးကတည်းကနေ လက်ရှိအအချိန်ထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ရှိ ထန်ဂါးကျေးအနီးတစ်ဝိုက် ယာယီတပ်စွဲတာတွေရှိနေသလို ကျေးရွာချင်းဆက် လမ်းပိုင်းအချို့ကိုလည်း ပိတ်ထားတာကြောင့်ဒေသခံတွေသွားရေးလာရေးခက်ခဲနေတယ်လို့လည်းသိရပါတယ်။
လက်ရှိစစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ ထန်ဂါးကျေးရွာဟာ ပူတာအို နောင်မွန်လမ်းပိုင်းမှာရှိပြီး ပူတာအိုမြို့နယ်ထဲဝင်ရောက်နိုင်တဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်။
အလားတူ မနေ့ကဇန်နဝါရီ ၂၁ ရက်နေ့ည ၉ နာရီ အချိန်မှာလည်း ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းရှိ လုံရှာယာန်မှာတပ်စွဲထားတဲ့စခန်းကုန်းအတွင်းစစ်ကောင်စီတပ်သားတွေအချင်းချင်းပစ်မှုဖြစ်ပွားခဲ့ပြီး စခန်းမှူးဖြစ်သူသေဆုံးခဲ့တယ်လို့သိရပါတယ်။
မနေ့ကအချင်းချင်းပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီစစ်သားတွေက လုံရှာယာန်စခန်းကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့်ဒေသခံတွေအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မချမ်းဘောအရှေ့ဘက်ကိုအခုလိုအင်အားသုံးစစ်ရေးလှုပ်ရှားနေသလို ခေါင်လန်ဖူးဘက်ကိုလည်း ပူတာအိုကနေတဆင့်လေကြောင်းနဲ့လက်နက်ခဲယမ်း၊စစ်သည်အင်အားတွေကိုပြီးခဲ့တဲ့ ဇန်နဝါရီလ ဆန်းပိုင်းကတည်းကနေလုပ်ဆောင်နေတာလို့သိရပါတယ်။
ပူတာအိုဘက်ကနေလေကြောင်းနဲ့ပို့ဆောင်ထားတဲ့ လက်နက်ခဲယမ်းနဲ့စစ်သည်အင်အားတွေကိုခေါင်လန်ဖူး လာဟီဆင်လမ်းပိုင်းရှိ စခန်းတွေမှာဆိုင်ကယ် ကယ်ရီနဲ့ပို့ဆောင်ပြီး စစ်ရေးပြင်ဆင်နေတယ်လို့သိရပါတယ်။
KNG