မကွေးတိုင်း၊ မကွေးအကျဉ်းထောင်အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျဉ်းဦးစီးဝန်ထမ်းများ၏ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး သေဆုံးသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနဝန်ထမ်းများမှ ထောင်ဗူးဝနှင့် ကင်းမျှော်စင်တို့တွင် နေရာယူ၍ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM တာဝန်ရှိသူက ပြောသည်။
PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက “ဖြစ်စဉ်က သင်္ကြန်ပိတ်ရက်ဖြစ်တော့ မိသားစုဝင်တွေကို အသိပေးအကြောင်းကြားဖို့ ခဲယဉ်းနိုင်လိမ့်မယ်လို့ သုံးသပ်တယ်။ မိသားစုဝင်တွေနဲ့ သတင်းပေးပို့ခဲ့ခြင်း၊ အကြောင်းကြားခဲ့ခြင်း ရှိ/မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။ သေချာတာက ရုံးပိတ်ရက်ဖြစ်တော့ ထောင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ပဲ သဂြိုဟ်ဖြစ်ဖို့များပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့သူတွေကိုတော့ ပြင်ပပြည်သူတွေသိရှိအောင် ပြမှာမဟုတ်ဘူးပေါ့” ဟု ပြောသည်။
ဧပြီ ၁၃ ရက်နေ့ ပစ်ခတ်မှုထဲ ထောင်တွင်းဓမ္မာရုံ၌ အနားယူနေသည့် စောရွှေအောင်အပါအဝင် နိုင်ကျဉ်း ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဆေးကုသမှု ခံယူနေကြရသည်ဟု PPNM က ဆိုသည်။
ထို့အပြင် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဖမ်းခံထားရသည့် တောင်တွင်းကြီးမြို့နယ်ကိုယ်စားပြု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအမတ်ဖြစ်သူ ဦးဝင်းမြင့်လှိုင်မှာလည်း ပစ်ခတ်မှုအတွင်း ထိခိုက်မှုရှိပြီး တိုက်ပိတ်ခံထားရသည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထောင်အနီးတဝိုက်နေများ၌ ထိတွေ့မှုဖြစ်ပွားပါက ထောင်တံခါးများကို သော့ခတ်ထားလေ့ရှိသည်ဟု ကိုသိုက်ထွန်းဦးက ၎င်းကြုံတွေ့ဖူးသည့် အခြေအနေများကို ပြောပြပါသည်။
ကိုသိုက်ထွန်းဦးက “အဓိက ဖြစ်တာတော့ သေနတ်ဖောက်ပြီဆိုတာနဲ့တင် ကျနော်တို့ ထောင်တံခါးပိတ်ခဲ့တာတို့၊ အကျဉ်းသားအားလုံးကို ထောင်ထဲဝင်ခိုင်းပြီးမှ ချက်ချင်းပိတ်တာမျိုးတို့ ဒါကို ကျနော်တို့ ကြုံခဲ့ရတဲ့ အခြေအနေတွေ ရှိပါတယ်ဗျာ” ဟု ပြောသည်။
PPNM မှ နိုင်ကျဉ်းထိခိုက်မှု အသေးစိတ်သိရှိရန်အတွက် စုံစမ်းနေဆဲဖြစ်ပြီး ထောင်ဝန်ထမ်းအများစုမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်မှုရှိသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ သတင်းဖုံးဖိထားပြီး ထောင်တွင်းစုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများကြားတွင် ပြောဆိုနေကြသည်။
NMG ပေးပို့သည်။