မွန်ပြည်နယ်၊ ဘီးလင်းမြို့နှင့် သထုံမြို့အကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲ ခံရလို့ ကျိုးကျပျက်စီးပြီးနောက် တောလမ်းအသုံးပြု ခရီးသွားလာသူများ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ထိခိုက်သေဆုံးမှုရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
တံတားကျိုးကျပျက်စီးပြီးနောက် ခရီးသွားမော်တော်ယာဥ်အချို့သည် တောလမ်းနှင့် ရွာချင်းဆက်လမ်းများမှ တဆင့် ကွေ့ပတ်သွားလာနေကြရပြီး လမ်းကျဉ်းမြောင်းတာကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားနေစဥ် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန် သေဆုံးမှုရှိလာသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။
“ရွာပတ်လမ်းသဘောပေါ့၊ လမ်းကလည်း ကားတွေပိတ်သိပ်နေတာ မနေ့က (မေလ ၁၂ ရက်) လမ်းပိတ်နေတဲ့ အချိန် အံစာတုံးကားတစ်စီးပေါ်ကို လက်နက်ကြီးကျပြီး ကားပေါ်က ယောင်္ကျားကြီး ၂ ယောက် သေသွားတယ်။ ဘီးလင်းနဲ့သထုံကြားကရွာတွေမှာ တိုက်ပွဲဖြစ်နေတော့ PDF တွေက အဲဒီလမ်းတွေကို ပေးမသွားပေမယ့် တချို့က အသက်အန္တရာယ်ရင်းပြီး သွားကြတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
မေလ ၁၁ ရက်နေ့ မနက်စောပိုင်းက ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာအနီးရှိ ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ဘီးလင်းမြို့နှင့် သထုံမြို့အကြားတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် နီးစပ်ရာကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။
အဆိုပါဒေသ၏ ရွာချင်းဆက်လမ်းများပေါ်သို့ လက်နက်ကြီးနှင့်အတူ ဒရုန်းဗုံး ကျရောက်တာကြောင့် ခရီးသွားလာသူများ အရေးကြီးကိစ္စမရှိလျှင် လတ်တလော သွားလာခြင်း မပြုကြရန်လည်း ကိုယ်တိုင်တွေ့ကြုံ ခဲ့ရသည့် ခရီးသွားများနှင့် တော်လှန်ရေးအင်အားစုများက သတိပေးတိုက်တွန်းထားသည်။
တံတားဖောက်ခွဲမှု မဖြစ်ပွားခင် မေလ ၁၀ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က သထုံခရိုင်ရှိ ကျေးရွာအချို့သို့ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်၏ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“၁၀ ရက်နေ့ကတည်းက ရွာထဲကို လက်နက်ကြီး လှမ်းပစ်တာ နေ့ရောညရောပဲ။ ရွှေရောင်ပြမှာဆို ဒီနေ့ လူ ၃ ယောက် ဒဏ်ရာရတယ်၊ သတင်းအချက်အလက်က တိတိကျကျ မရသေးဘူး။ လူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ကာကွယ်စောင့်ရှောက်ဖို့က အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတာပါ။ စစ်တပ်က လူထုတွေအပေါ်မှာ သနားကြင်နာစိတ် ကိုယ်ချင်းစာစိတ် မရှိဘူး။ တိုက်ပွဲရှိတာရော မရှိတာရော သူတို့ကရွာတွေထဲမှာ လက်နက်ကြီးတွေ လှမ်းပစ်တယ်” ဟု အဆိုပါ KNU တာဝန်ရှိသူ ပြောသည်။
တံတားမိုင်းခွဲခံရသည့် မေလ ၁၁ ရက်နေ့တွင်လည်း ကဇိုင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် အဝန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဝန်ကြီးရွာနေ ဒေသခံလင်မယား ၂ ဦး သေဆုံး၍ ၄ ဦး ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း နယ်မြေတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လပိုင်းကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် များက အဆိုပါကျုံအိတ်တံတားအား စစ်ကောင်စီထောက်ပို့လမ်းကြောင်းတွင် ရှိသည်ဟုဆိုကာ မိုင်းခွဲဖျက်ဆီးမှု ပြုလုပ်ခဲ့သေးသည်။
KIC ပေးပို့သည်။