မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၁၅) ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညနေပိုင်းက အမှတ် (၄) ဖောင်တော်ဦးရပ်ကွက်မှာ တပ်စွဲထားတဲ့ ငြိမ်းဇာနည်စခန်းကို MBT အဖွဲ့က ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တာပါ။
“ ကျွန်တော်တို့က စခန်းသိမ်းပြီးနေပြီ။ အဲဒီအချိန်မှာ ဘယ်ကမှန်းမသိတဲ့ စစ်သားတွေရောက်လာတယ်။ လမ်းမှာလည်း မိုင်းတွေထောင်ထားပြီးသား။ ပြည်သူတွေရှိနေလို့ မိုင်းခွဲမရလို့ ကျွန်တော်တို့ မိုင်းမခွဲခဲ့ရတာ။ စစ်တပ်ကတော့ ပြည်သူတွေကိုမကြည့်တော့ တစ်ပန်းသာတယ်ဗျ” လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် အဲဒီစခန်းကို သိမ်းနိုင်ဖို့အထိရှိခဲ့ပေမယ့် ပြည်သူတွေကို ငဲ့လိုက်တဲ့အတွက် တစ်ဦးတယ်းကျန်တဲ့စခန်းကို မသိမ်းပိုက်ခဲ့ရဘူးလို့ သူက ပြောပါသေးတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းရှေ့မှာ ရပ်ထားတဲ့ ကားနားအထိ ချဉ်းကပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးချိန်မှာ စခန်းကုန်းပေါ်က ပစ်ကူပေးနေတဲ့ စက်လက်သမားတစ်ဦးသာ ကျန်ခဲ့ပေမယ့် စစ်ကူလာတဲ့စစ်ကြောင်းကို မိုင်းမဆွဲနိုင်တာကြောင့် လမ်းကြောင်းပွင့်သွားတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
ငြိမ်းဇာနည်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ဖြူစင်ပရဟိတကားနဲ့ (၃) ကြိမ်လောက် သယ်ထုတ်သွားတာရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲကို Myingyan Black Tiger (MBT) နဲ့အတူ မုံရွာခရိုင်တပ်ရင်း (၁၂) တပ်ခွဲ (၄) မီးတောက်တပ်ခွဲ၊ ချောင်းဦးမြို့နယ် (ပလဖ)၊Banana UG၊ ခွပ်ဒေါင်းနီ ပြောက်ကျားတပ်နဲ့ VOMDY-Front Warrior စတဲ့ မဟာမိတ်တွေပူးပေါင်းပြီး စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။