ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အကျဥ်းထောင်ဆူပူမှုအပေါ် ထောင်အာဏာပိုင်များက ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါထောင်ဆူပူမှုကို ထောင်အာဏာပိုင်များက ပစ်ခတ်ဖြိုခွင်း ခဲ့ခြင်း ဖြစ်သည်။
အကျဉ်းဦးစီးနှင့်နီးစပ်သူတစ်ဦးက “ထောင်အာဏာပိုင်တွေရော ရဲတွေ၊စစ်သားတွေရောက ပစ်ခတ်နှိမ်နင်းတာပါ။ ထောင်အာဏာပိုင်တွေက စစ်သားတွေကို ခေါ်လိုက်တာလို့ ပြောတယ်။ ဖြစ်တာကတော့ အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေ ပြဿနာဖြစ်တာ။ အဲ့ကနေ ဆူပူမှုတွေဖြစ်တာပေါ့” ဟု ပြောသည်။
ထောင်အာဏာပိုင်များက ၎င်းတို့အား အကျဉ်းသားများက ထိခိုက်အောင် ပြုလုပ်ခဲ့သည်ဟုဆိုပြီး စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူကာ ပစ်ခတ်နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဖျာပုံအကျဉ်းထောင်အတွင်းရှိ အကျဥ်းသားတချို့က ထောင်တံခါးမကြီးအား စီးနင်းရန် ကြိုးစားခဲ့ကြ သဖြင့် စစ်ကောင်စီတပ်နှင့် ရဲများက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ အခြေအနေ အသေးစိတ်ကို မသိရှိရသေးပေ။
သို့သော် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထောင်အာဏာပိုင်များ၏ ပစ်ခတ်ဖြိုခွဲခဲ့မှုကြောင့် နိုင်ငံရေး အကျဥ်းသားများ အပါအဝင် အကျဥ်းသား ၁၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူ အချို့က အတည်ပြုပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်ထဲ ထောင်ဝန်ထမ်းတစ်ဦး အပါအဝင် အကျဉ်းသား ၁၇ ဦး ဆေးကုသမှု ခံယူနေရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောဆိုသည်။
“ထောင်ထဲက ဆေးရုံမှာလို့တော့ ကျနော်တို့ သတင်းရထားတယ်။ နိုင်ကျဉ်းတွေလည်း ပါတယ်။ ဒဏ်ရာရတဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူး။ ဆေးကုသမှု ခံယူနေကြရတယ် ဆိုတာကတော့ သေချာတယ်။ နောက်ပြီး ထောင်ကိုလည်း ပိတ်လိုက်ပြီ” ဟု ၎င်းက ပြောသည်။
ထောင်အာဏာပိုင်များက ထောင်ဆူပြီး ထောင်ဖောက်ရန် ကြိုးစားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု သတင်းလွှင့်နေကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောပါသည်။
NMG ပေးပို့သည်။