စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ကြားရှိ ကျေးရွာအခြေပြု ဌာနေပြည်သူ့စစ်စခန်း (ပျူစခန်း) တချို့ကို မေလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ဒေသခံများက ပြောဆိုသည်။
ဖောင်းပြင်မြို့နယ်ရှိ ဟာပါ – ဆိတ်ဆား ပြည်သူ့စစ်စခန်းကို မေလ ၉ ရက်နေ့ ညပိုင်းတွင် ပြည်သူ့စစ်များ တပ်ဆုတ်သွားပြီးနောက် တော်လှန်ရေးအင်အားစုများက စခန်းကို ရရှိလိုက်ပြီဖြစ်ကြောင်း ဟာပါကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။
“ကျည်ကုန်လို့ ၊ လက်နက်အင်အားချင်းကလဲ မတူဘူးလေ။ လူအင်အားချင်းကလဲ သူတို့ (PDF) ဘက်က သာနေတာဆိုတော့ ဆုတ်လိုက်ရတာ” ဟု အဆိုပါရပ်မိရပ်ဖက ပြောသည်။
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ကြားရှိ ပြည်သူ့စစ်စခန်းများကို PDF ပူးပေါင်းတပ်ဖွဲ့ များက မေလ ၇ ရက်နေ့ မှစ၍ တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး မေလ ၁၁ ရက်နေ့ အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
ပြည်သူ့စစ်စခန်းများ သိမ်းပိုက်ရရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ဖောင်းပြင်ဒေသကာကွယ်ရေး တပ်ဖွဲ့များက လက်ရှိအချိန်ထိ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။
မေလ ၇ ရက်နေ့က ဆိတ်ဆား၊ ဟာပါကျေးရွာရှိ ပြည်သူ့စစ်စခန်း ၊ ဆယ်ချောင်း-ညောင်ကုန်း ပြည်သူ့စစ် စခန်းများကို PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ပြည်သူ့စစ်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူ လာရောက်ပစ်ခတ်ခဲ့သော်လည်း ထိရောက်မှုမရှိခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအခြေပြု ပြည်သူ့စစ်တပ်စခန်းများကို ကနဦး တိုက်ခိုက်ရမည် ဖြစ်ခြင်းကြောင့် PDF ပူးပေါင်းတပ်ဖွဲ့များ စုပေါင်းပြီး အခုလိုတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဖောင်းပြင်မြို့ရှိ ရပ်မိရပ်ဖတစ်ဦးက သုံးသပ်ပြောပါသည်။
“ပြည်သူ့စစ်ရွာတွေကို အရင်ဖြိုခွင်းပြီးမှ ဖောင်းပြင်ကို ရလိမ့်မယ်လို့ ထင်တာပေါ့လေ။ အင်အားအလုံးအရင်းနဲ့ စုလာတယ်လို့ အဲ့လိုတော့မြင်တယ်” ဟု ၎င်းက ပြောဆိုသည်။
မေလ ၇ ရက်နေ့ မှစပြီး ပြည်သူ့စစ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဦးဆောင်ပြီး ဖောင်းပြင်၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ မော်လိုက် စသည် မြို့များရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ရှမ်းနီအသံ ပေးပို့သည်။