ဖုန်း၊ အင်တာနက် ဆက်သွယ်ရေးလိုင်း ရရှိရေး ရသေ့တောင်ပြည်သူများ တောင်းဆို

By MPM 24 မတ်, 2026 👁 2

ဒေသတွင်း စီးပွားရေး၊ လူမှုဆက်သွယ်ရေး လက်လှမ်းမီနိုင်ရေးအတွက် အများသုံး အချိန်ပိုင်း အင်တာနက်ဝန်ဆောင်မှု (သို့မဟုတ်) ဖုန်းလိုင်း အစီစဉ်များ ပြုလုပ်ပေးရန် ရသေ့တောင် ဒေသခံများက တောင်းဆိုနေကြသည်။

လက်ရှိ ရသေ့တောင် ဒေသခံများမှာ ဆက်သွယ်ရေး အခက်အခဲကြောင့် ငွေလွှဲ၊ ငွေထုတ် အဆင်မပြေဖြစ်ခြင်း၊ ရပ်ဝေးမှ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်ခြင်း၊ သတင်းအချက်အလက်ရရှိပိုင်ခွင့် ဆုံးရှုံးခြင်းအပါအဝင်၊ နေ့စဉ်လူမှုစီးပွားရေး ကဏ္ဍများစွာ နစ်နာနေကြောင်း ပြောကြသည်။

အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် ပြည်သူများ ဆက်သွယ်ရေး အဆင်ပြေစေရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စတားလင့် (ခ်) အင်တာနက်များကို အကန့်အသတ်ဖြင့် သုံးစွဲခွင့်ပြုနေပြီဖြစ်သော်လည်း ရသေ့တောင်မြို့နယ်တွင် အင်တာနက်သုံးစွဲခွင့် လုံးဝမရဖြစ်နေကြောင်း ပြောကြသည်။

“အင်တာနက် လိုင်းသုံးဖို့ ဆိုရင် အခုထိ မောင်တောမြို့နယ်အထိ သွားပြီး သုံးရတယ်။ မိသားစု သေရေးရှင်ရေး ကိစ္စတွေနဲ့ အခုထိ ပိုက်ဆံ အကုန်အကျခံပြီး ခက်ခက်ခဲခဲ သွားလာရတုန်းပါ။ အများကြီး မဟုတ်ရင်တောင် သွားရလာရ လွယ်ကူတဲ့ အတိုင်းအတာ တစ်ခုစီတိုင်းအတွက် စတားလင့်ခ် စီစဥ်ပေးသင့်တယ်” ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ရခိုင်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှ စ၍ ရခိုင်ပြည်သူများသည် အင်တာနက်နှင့် ဖုန်းလိုင်းအသုံးပြုခွင့်များ ဆုံးရှုံးခဲ့ရသည်။

လက်ရှိ AA ထိန်းချုပ်ထားသည့် မြို့နယ်အချို့မှာ စတားလင့်ခ် အင်တာနက် ၁ နာရီကို ငွေကျပ် ၂,၀၀၀ ကျပ်ဖြင့် သုံးစွဲနေကြသော်လည်း ရသေ့တောင်မြို့နယ်က ဒေသခံအများစုမှာ အင်တာနက်သုံးရန်အတွက် လမ်းစရိတ် အနည်းဆုံး ငွေကျပ် ၅၀,၀၀၀ ကနေ သိန်းဂဏန်းနှင့်အထက် ကုန်ကျခံကာ သွားလာနေရကြောင်း ပြောကြသည်။

အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရသည် ဒေသနေ ပြည်သူများ ဆက်သွယ်မှု အဆင်ပြေရန် အတွက် စတာလင့်ခ် အင်တာနက်ကို တရားဝင်အသုံးပြုရန် လျှောက်ထားခွင့်ပြုထားသော်လည်း ရသေ့တောင်တွင် အချိန်တစ်နှစ်ကြာသည့်တိုင် အသုံးပြုခွင့်မရှိ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

“စတားလင့်ခ် လျှောက်ထားတာကတော့ တစ်နှစ် ရှိပြီ။ လျှောက်လွှာတင်ကတည်းက ပိုက်ဆံ ၅ သိန်း သွင်းထားပါတယ်။ ရမယ်ဆိုပြီးတော့ ပြောတယ် အတိအကျ ဘယ်ခါရမယ်ဆိုတာတော့ မသိရဘူး။ မရတော့ စတားလင့်ခ် မလျှောက်တော့ဘူး မယူတော့ဘူး ပြောတော့လည်း ပိုက်ဆံ ပြန်မပေးဘူး” ဟု စတားလင့်ခ် လျှောက်ထားသူ ရသေ့တောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အတူ အင်တာနက်မရသော်လည်း MEC အထိုင်ဖုန်း တစ်ချို့နေရာတွင် လိုင်းမိသဖြင့် ဖုန်းလိုင်းထောင်ပြီး နိုင်ငံခြားကနေ ဆွေမျိုးများနှင့် လူမှုရေးအကြောင်းအရာများ ဆက်သွယ်ပြောကြားသော်လည်း လုံခြုံရေးကို အကြောင်းပြကာ AA က သိမ်းဆည်းမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စ၍ ရသေ့တောင်မြို့နယ်တွင် MEC ဆင်းကဒ် အသုံးပြုသူများထံသို့လည်း ကျေးရွာ တစ်ရွာလျှင် MEC ဖုန်းတစ်လုံးသာ အသုံးပြုခွင့် ရှိမည်ဖြစ်ပြီး ကျန်အသုံးပြုသူများ၏ ဖုန်းနှင့်ဆင်းကဒ်များအား သိမ်းဆည်းနေသည်။

“ရွာမှာတော့ ဖုန်းတိုင်ထောင်ထားတဲ့ သူတွေဆီ ဌာနဆိုင်ရာက သတိပေးစာတွေ ရောက်တယ်။ လုံခြုံရေးအရ တစ်ရွာမှာ ဖုန်းတစ်လုံးပဲ ထားရမယ် ကျန်တာတွေ အသုံးပြုခွင့် ပိတ်မယ်၊ သိမ်းမယ် ဆိုတယ်။ တစ်ချို့ရွာတွေမှာ အကုန်လိုက်သိမ်းနေတယ်” ဟု ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း ရခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဆက်သွယ်ပြောဆိုသုံးစွဲမှုများ ရှိလာသည်နှင့်အမျှ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုများလည်း ရှိသောကြောင့် သတိထားသုံးစွဲရန် လိုအပ်ပေသည်။

သို့သော်လည်း ဖုန်းလိုင်းအင်တာနက်ဆက်သွယ်ရေးသည် နေ့စဉ်လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့အတွက် အရေကြီးသည့်အခန်းကဏ္ဍတွင် ရှိနေသောကြောင့် ရခိုင်ပြည်သူများအနေဖြင့် စတာလင့်ခ်သုံးစွဲခွင့် အကန့်အသတ်ကို ဖြေလျှော့ပေးရန် ရသေ့တောင်ဒေသခံများ မျှော်လင့်နေကြသည်။

DMG