ဖားကန့်၊ မအူပင်ရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

By MPM 15 အောက်တိုဘာ, 2023 👁

ကချင်ပြည်နယ်၊ ဖားကန့်ကနေ ကားမိုင်းကို ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ မအူပင်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က မအူပင်ရွာမှ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက် မနက် ၄ နာရီဝန်းကျင်လောက်မှာ ဖားကန့်မြို့၊ နန့်ယားစစ်တပ်ကုန်းကနေ စစ်ကောင်စီစစ်ကြောင်းဟာ ခြေလျင်နဲ့ ကားမိုင်းဘက်ကို ဦးတည်ပြီး ဆင်းလာချိန် နံနက် ၉ နာရီလောက်က မအူပင်ရွာနား အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မအူပင်ရွာခံတစ်ယောက်က အခုလိုပြောသည်။

“တိုက်ပွဲက ၉ နာရီလောက်မှာ စဖြစ်တာ။ ဟိုဘက်ကနေ စစ်ကြောင်းဆင်းလာတာကို KIA ဘက်ကနေပြီးတော့ မိုင်းဆွဲတိုက်ခိုက်လိုက်တာ ၃ ကြိမ်လောက် ရှိတယ်။ အဲ့မှာ စစ်ကောင်စီဘက်ကနေ ထိခိုက်တာတွေရှိတော့ မအူပင်က နေအိမ် ၂ လုံးလောက်ကို မီးရှို့ဖျက်ဆီးလိုက်တယ်” လို့ ၎င်းက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ စစ်သား ၂ ယောက် သေဆုံးမှုရှိခဲ့ပြီး သေဆုံးသွားတဲ့ တပ်သား ၂ ယောက်ရဲ့ရုပ်အလောင်းကို နန့်ယားဘက်ကို ပြန်လည်သယ်ယူသွားတယ်လို့ ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်လောက်သာ ကြာမြင့်ခဲ့ပြီး လက်ရှိအချိန်အထိ မအူပင်ရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA ၂ ဖက်တပ် အပြန်အလှန် စောင့်ကြည့်နေကြလို့ စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ သိရသည်။

စစ်ကောင်စီဘက်မှ သေနတ်ပစ်ဖောက်၊ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်တာကြောင့် မအူပင်ရွာခံအားလုံး လက်ရှိမှာ နီးစပ်နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် ဒေသခံတွေ ထိခိုက်မှု ရှိမရှိ၊ ဖမ်းဆီးခံရမှု ရှိမရှိကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

နန့်ယားဘက်မှ ဆင်းလာတဲ့ စစ်ကြောင်းသည် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကြောင်းဖြစ်ပြီး အောက်တိုဘာ ၁၀၊ ၁၁ ရက်တွေမှာ ဖားကန့်လမ်းတလျှောက်မှာရှိတဲ့ ဆိုင်းဖရာ၊ ကပ်မှော်၊ ကျောက်ထု စစ်တဲ့ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းလည်း ဖြစ်သည်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကပ်မှော်၊ ကျောက်ထု ခွန်စိုင်ဇွပ်စတဲ့ ကျေးရွာက ဒေသခံ ၁၀ ယောက်ကိုလည်း ဖမ်းဆီးသွားပြီး ၎င်းတို့ကို နန့်ယားစစ်တပ်ကုန်းမှာ ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရသည်။

KNG ပေးပို့သည်။